သံဃာတော်တွေ နှိပ်စက်ညှဉ်းပန်းမှု မှတ်တမ်းတင်စာအုပ် ထုတ်ဝေ

မြန်မာနိုင်ငံက အကျဉ်းထောင်တွေမှာ ရဟန်းသံဃာတွေကို အာဏာပိုင်တွေ နှိပ်စက် ညှဉ်းပန်းပုံတွေအကြောင်း ရေးသားထားတဲ့ “သံတိုင်နောက်က မှတ်တမ်းများ” ဆိုတဲ့စာအုပ်ကို ပြည်ပအခြေစိုက် သာသနာဥသျှောင်အဖွဲ့ကြီးက ဒီရက်ပိုင်းအတွင်း ထုတ်ဝေ ဖြန့်ချိလိုက်ပါတယ်။

2011.07.04

၁၉၈၈ ခုနှစ်ကနေ ၂ဝဝ၇ ရွှေဝါရောင် သံဃာ့တော်လှန်ရေး ကာလအတွင်း ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေးအတွက် ပါဝင်လှုပ်ရှားခဲ့တဲ့ သံဃာတော်တွေကို စစ်အစိုးရက ဖမ်းဆီးပြီး ညှဉ်းပန်း နှိပ်စက်ခဲ့တဲ့ ဖြစ်ရပ်မှန်တွေကို စာအုပ်မှာ ရေးသားဖော်ပြထားတယ်လို့ အတွင်းရေးမှူးချုပ် ဆရာတော် ဦးပညာနန္ဒက မိန့်ကြားပါတယ်။

"ရဟန်းတွေကို သင်္ကန်းဝတ်ခွင့် မပေးဘဲနဲ့ လူဝတ်လဲပြီး ထားတာ၊ ရဟန်းတွေကို ထောင်ထဲမှာ ‘မင်း’ နဲ့ ‘ငါ’ နဲ့ နင်ဘဲငဆ ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံတဲ့အကြောင်းတွေ ပါတယ်။ တချို့သံဃာတွေ ဆိုရင် ရှေ့တန်း ရဲဘက်စခန်းကို ထည့်လိုက်တယ်။ ဦးပညာသီရိ ဆိုတဲ့ ဦးဇင်းတပါးဆိုရင် ချင်းပြည်နယ်ဘက်မှာ လင်တန် ရဲဘက်စခန်း ရောက်သွားတယ်။ သူ့အမှုက မပြီးသေးဘူး။ ထောင်ကျတယ် ဒါပေမယ့် ဆက်ပြီး ပုဒ်မ အသစ်တွေနဲ့ ထောင်ထပ်ချဖို့ ကြိုးစားတယ်။ အဲဒီမှာ ဦးဇင်းက မဖြစ်တော့ဘူးဆိုပြီး အိန္ဒိယနယ်စပ်ကို ထွက်ပြေးသွားတာ လမ်းမှာ ဘယ်လို ဒုက္ခရောက်ခဲ့တယ်၊ အလုပ်ကြမ်းစခန်းမှာ ဘယ်လို နေခဲ့ရတယ် စသဖြင့် ကိုယ်တွေ့ဖြစ်ရပ်မှန်တွေကို ရေးထားတာ"

ဒီစာအုပ်ကို ရွှေဝါရောင် သံဃာ့တော်လှန်ရေး အထိမ်းအမှတ်အဖြစ် ထုတ်ဝေလိုက်တာဖြစ်ပြီး မြန်မာ-အင်္ဂလိပ် နှစ်ဘာသာနဲ့ ဆောင်းပါး (၁၁) ပုဒ် ပါဝင်တယ်လို့ ဆရာတော်က ဆက်လက် မိန့်ပါတယ်။ လက်ရှိ မြန်မာနိုင်ငံ အနှံ့အပြားက အကျဉ်းထောင်တွေမှာ သံဃာအပါး ၂ ရာနီးပါး ဖမ်းဆီး ထိမ်းသိန်းခံထားရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။