စစ်ကိုင်းမှာ သီတဂူဗုဒ္ဓတက္ကသိုလ်ဘွဲ့ရ ဆရာတော်တစ်ပါး သတ်ဖြတ်ခံရ

2023.01.06
စစ်ကိုင်းမှာ သီတဂူဗုဒ္ဓတက္ကသိုလ်ဘွဲ့ရ ဆရာတော်တစ်ပါး သတ်ဖြတ်ခံရ သတ်ဖြတ်ခံလိုက်ရသည့် ဆရာတော်အရှင်ဂန္ဓသာရ။
File Photo: Citizen Journalist

စစ်ကိုင်းမြို့နယ် ဒီပဲယင်းကွဲ (တပုရင်းကွဲ) ရွာကို ဇန်နဝါရီလ ၆ ရက်နေ့ မနက်အစောပိုင်းက စစ်ကောင်စီနဲ့ ပျူစောထီးတပ်ဖွဲ့တွေဝင်လာပြီး သံဃာတစ်ပါးအပါအဝင် လေးဦးကို ပစ်ခတ်သတ်ဖြတ်သွားသလို နေအိမ်တွေကိုပါ မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံ PDF က ပြောပါတယ်။

သတ်ဖြတ်ခံရတဲ့ သံဃာတော်ဟာ သီတဂူဗုဒ္ဓတက္ကသိုလ်နာယကလည်းဖြစ်၊ ဂုဏ်ထူးတန်းဘွဲ့ရ စာချဆရာတော်တစ်ပါးလည်းဖြစ်တဲ့ ဆရာတော်အရှင်ဂန္ဓသာရ ဖြစ်တယ်လို့ PDF ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဆရာတော်နဲ့အတူ ဒေသခံ PDF တပ်ဖွဲ့ဝင်တစ်ဦး၊ အရပ်သားပြည်သူနှစ်ဦးလည်း သတ်ဖြတ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဘက်ကတော့ ဒီဆရာတော် သတ်ဖြတ်ခံရတဲ့ကိစ္စကို ဘာမှထုတ်ပြန်တာ မရှိသေးပါဘူး။ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ PDF တပ်ဖွဲ့ဝင်တွေက သံဃာတွေကို သတ်ဖြတ်တာတွေရှိနေတယ်လို့ အရင်သတင်းစာရှင်းလင်းပွဲတွေမှာ စွပ်စွဲပြောဆိုဖူးပါတယ်။

စစ်ကောင်စီနဲ့ ပျူစောထီးတပ်ဖွဲ့တွေဟာ စစ်ကိုင်းမြို့ ဒီပဲယင်းကွဲရွာကို ဝင်ရောက်စီးနင်းမီးရှို့သွားတာကြောင့် နေအိမ်အလုံးပေါင်း ၉ဝ ကျော်ပျက်စီးခဲ့ရတယ်လို့လည်း PDF ဘက်ကပြောပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်းမှာ တိုက်ပွဲအပြင်းထန်ဆုံး၊ နေအိမ်မီးရှို့ခံရမှု အများဆုံးရှိနေပြီး ဒေသခံ ရှစ်သိန်းနီးပါး စစ်ဘေးဒုက္ခသည်ဖြစ်နေရတယ်လို့ ISP Myanmar သုတေတနအဖွဲ့က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။