ပြည်တွင်း ပိတ်ဆို့မှုများ ဖယ်ရှားပေးဖို့ သံဃာနှင့် ကျောင်းသားအဖွဲ့များ တိုက်တွန်း
2011.03.23

မြန်မာစစ်အစိုးရနဲ့ အတူ ၂၀၁၀ ရွေးကောက်ပွဲ အနိုင်ရ ပါတီတချို့က နိုင်ငံတကာက ပိတ်ဆို့ အရေးယူထားတဲ့အတွက် မြန်မာနိုင်ငံ ဖွံ့ဖြိုးမှု နိမ့်ကျနေသယောင် ပြောဆိုတာတွေ ရှိကြောင်း၊ တကယ်တမ်း မြန်မာပြည်က သယံဇာတတွေ ရောင်းပြီး ရသမျှ ငွေတွေကို စစ်အစိုးရနဲ့ အပေါင်းအပါတွေကပဲ လက်ဝါးကြီး အုပ်ထားပြီး၊ အာဏာတည်မြဲရေး အတွက်သာ အသုံးပြုနေတာ ဖြစ်ကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့ အရေးယူမှုတွေ ရုပ်သိမ်း သွားစေချင်ရင်တော့၊ စစ်အစိုးရက မြန်မာပြည်သူတွေအပေါ် နှစ်ပေါင်းများစွာ ပိတ်ဆို့ အရေးယူထားတာတွေကို ရုပ်သိမ်းဖို့ လိုအပ်တယ်လို့ ရှုမြင်ကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် ဗကသ ခေါင်းဆောင်တဦး ဖြစ်တဲ့ မကြည်သာတင့်က ပြောပါတယ်.
စစ်အစိုးရအနေနဲ့ မြန်မာပြည်သူတွေအပေါ် ကျင့်သုံးနေတဲ့ လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းခွင့် မရှိခြင်း။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် မရှိခြင်း၊ ဒီမိုကရေစီ လိုလားသူတွေကို၊ ထောင်သွင်း အကျဉ်းချထားခြင်း။ လွတ်လပ်စွာ စိုက်ပျိုး လုပ်ကိုင် စားသောက်ခွင့် မရှိခြင်း၊ လွတ်လပ်စွာ ကိုးကွယ်ခွင့် မရှိခြင်း စတဲ့ ပိတ်ဆို့ အရေးယူထားတာတွေကို ဖယ်ရှားပေးဖို့ လိုအပ်ကြောင်းလည်း မကြည်သာတင့်က ဆက်လက်ပြောပါတယ်။
“သူတို့ ကျွန်မတို့ ပြည်သူတွေအပေါ်ကို ချမှတ်ထားတဲ့ sanction တွေကို ကြည့်မယ်ဆိုလို့ရှိရင် အင်တာနက်တွေဆိုလည်း သူတို့ ဖြတ်တောက်တယ်၊ ပြီးတဲ့အခါမှာ ဒီမိုကရေစီကို လိုလားတဲ့ နိုင်ငံရေးသမား၊ ကျောင်းသူကျောင်းသားတွေ အားလုံးကို သူတို့ ထောင်ထဲကို ထည့်တယ်၊ ထောင်ဝင်စာတွေ ပိတ်တယ်၊ တိုက်ပိတ်တယ်၊ အဲဒါတွေကို အမြန်ဆုံး ကျွန်မတို့ ရုပ်သိမ်းစေချင်ပါတယ်။”
“ပြီးတဲ့အခါမှာ ကျွန်မတို့ ဒီ ကျောင်းသူကျောင်းသားတွေ အပါအဝင် သမဂ္ဂအသီးသီး ဖွဲ့စည်းခွင့် ပိတ်ပင်ထားတာကိုလည်း အမြန်ဆုံး သူတို့ ရုပ်သိမ်းသင့်ပါတယ်။ ပြီးတဲ့အခါမှာ ဒီ ဗုဒ္ဓဘာသာ၊ ကျွန်မတို့ ဘုန်းတော်ကြီးတွေရဲ့ တရားပွဲတွေမှာ ဆိုလို့ရှိရင်လည်းပဲ မလိုလားအပ်တဲ့ စည်းကမ်းချက်တွေနဲ့ တင်းကျပ်တာတို့ ပိတ်ပင်တာတို့ ဒါတွေ လုပ်ထားခြင်းကိုလည်း အမြန်ဆုံး ရုပ်သိမ်းသင့်ပါတယ်။”
စစ်အစိုးရရဲ့ ဖိနှိပ်မှုတွေ ရှိနေသမျှ မြန်မာနိုင်ငံအပေါ် ကမ္ဘာ့ဒီမိုကရေစီ နိုင်ငံကြီးတွေရဲ့ ပိတ်ဆို့ အရေးယူမှုတွေဟာ ဆက်လက် ရှိဦးမှာ ဖြစ်သလို မြန်မာပြည်သူတွေ ကျောင်းသားလူငယ်တွေရဲ့ ဆန့်ကျင်မှုတွေဟာလည်း ဆက်လက် ရှိနေဦးမှာ ဖြစ်ကြောင်း ဖော်ပြထားပါတယ်။