ဆားလင်းကြီးမြို့နယ်က စီမံကိန်းပြဿနာ လွှတ်တော်အမတ်နှစ်ဦး ဆွေးနွေး
2016.04.23

စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်က စံပယ်တောင်၊ ကြေးစင်တောင် စီမံကိန်းကြောင့် သိမ်းယူခံထား ရတဲ့ လယ်ယာမြေကိစ္စနဲ့ အက်ဆစ် စက်ရုံ ရွှေ့ပြောင်းပေးရေးကိစ္စတွေကို လွှတ်တော်ကိုယ်စားလှယ်နှစ်ဦး နဲ့ ဒေသခံတွေ ဒီနေ့ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းသိန်းဇော်၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာသိန်းနိုင် တို့ဟာ ဆားလင်းကြီးမြို့နယ် ကံကုန်းကျေးရွာ က စပ္မာရုံဘုန်းကြီးကျောင်းမှာ ဒေသခံ ၃၀၀ နီးပါးနဲ့ တွေ့ဆုံခဲ့ တာဖြစ်ပါတယ်။
ဒေသခံတွေရဲ့ အခက်အခဲတွေကို စာရေးသားတင်ပြကြဖို့လည်း ကိုယ်စားလှယ်တွေက ပြောခဲ့တယ်လို့ တွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ ကံကုန်းကျေးရွာသား ကိုတင်အောင်စိုး က ပြောပါတယ်။
"သူတို့အနေနဲ့ ကျနေ်ာတို့ကိုပြောတာကတော့ လူထုဖြစ်ချင်တဲ့ဆန္ဒပေါ့၊ အဲ့ဒါတွေကို သူတို့ဆီကိုစာနဲ့ရေး ပြီးတော့ တင်ပေးဖို့ အခုကျနော်တို့စာရေးနေပြီ၊ လျှပ်စစ်စက်ရုံ ရွှေ့ပြောင်းပေးဖို့ ကိစ္စရယ်၊ နောက်အရင် ကျနော်တို့ တောင်းထားတဲ့မြေယာလျော်ကြေးရဖို့ အဲ့ဒါတွေကို လွှတ်တော်ကိုယ်စားလှယ်တွေကို ကျနော်တို့ဒီအခက်အခဲတွေကို ဖြေရှင်းပေးဖို့ ကျနော်တို့ကလည်း သူတို့ကိုတောင်းဆိုတာပေါ့"
ဆားလင်းကြီးမြို့နယ်မှာ ဦးပိုင်ကုမ္ပဏီပိုင် မိုးကြိုးဆာလ်ဖျူရစ်အက်စစ်စက်ရုံရှိပြီး အဲဒီစက်ရုံက အနံ့အသက်ဆိုးတွေ ထွက်တာကြောင့် အဲဒီစက်ရုံနေရာ ကိုပြောင်းရွှေ့ပေးဖို့ ဒေသခံတွေက လိုလားနေကြတာဖြစ်ပါတယ်။
ဒါ့အပြင် စံပယ်တောင်၊ ကြေးစင်တောင်စီမံကိန်းကြောင့် သိမ်းဆည်းခံထားရတဲ့ ကံကုန်း၊ ဂုန်းတော၊ ဖောင်း ကား၊ ရွှေပန်းခိုင် စတဲ့ ကျးရွာတွေက မြေဧက ၂၂၀၀ ကျော်ဟာ လျော်ကြေးငွေရယူထားတာ မရှိသေးတာကြောင့် ထိုက်တန်တဲ့ လျော်ကြေးငွေရရှိအောင် ဆောင်ရွက်ပေးဖို့ ဒေသခံတွေက လွှတ်တော် ကိုယ်စားလှယ်တွေထံ တင်ပြခဲ့ကြပါတယ်။
ဒါ့အပြင် ကြေးနီစီမံကိန်းလုပ်ငန်းတွေမှာ ဒေသခံတွေကို နေ့စားဝန်ထမ်းတွေအဖြစ်သာ ခိုင်းစေပြီး အမြဲတန်း ဝန်ထမ်းတွေအဖြစ် ထားရှိပေးဖို့လည်း ဒေသခံတွေ က တင်ပြခဲ့ပါတယ်။
ကြေးနီစီမံကိန်းရဲ့ အမြတ်ငွေတွေထဲက ၂ ရာခိုင်နှုန်းကို ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေဆောင်ရွက်ဖို့ ကုမ္ပဏီနဲ့ အစိုးရကြားသဘောတူညီမှု ရရှိထားတာဖြစ် ပြီး ဒေသဖွံ့ဖြိုးရေးအတွက် ချပေးထားတဲ့ ဘတ်ဂျက်ကိုလည်း ပွင့်လင်းမြင်သာမှုရှိအောင် သုံးစွဲပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။