မွန် လူ့အခွင့်အရေး အစီရင်ခံစာ ထုတ်ပြန်
2014.07.07
မြန်မာနိုင်ငံ စစ်မှန်တဲ့ ဒီမိုကရေစီစနစ်ဆီကို အောင်အောင်မြင်မြင်ကူးပြောင်းနိုင်ဖို့အတွက် အတိတ်ကာလက လူ့အခွင့် အရေးချိုးဖေါက်မှုတွေ ခံစားခဲ့ကြရတဲ့ နစ်နာသူပြည်သူတွေရဲ့လိုအပ်ချက်တွေကို လက်ရှိအစိုးရက ဖြည့်ဆည်းပေး ရမှာဖြစ်ကြောင်း ထိုင်းနိုင်ငံအခြေစိုက် မွန်ပြည် လူ့အခွင့်အရေးဖေါင်ဒေးရှင်း က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖေါ်ပြ ထားပါတယ်။
တရားမျှတမှုကို ခြေရာကောက်ခြင်း ဆိုတဲ့ စာမျက်နှာ (၉ဝ)ပါ အဲဒီ အစီရင်ခံစာမှာ တိုင်းရင်းသားဒေသတွေမှာ အရင် စစ်အစိုးရကျူးလွန်ခဲ့တဲ့ မြေယာသိမ်းယူမှု၊အဓမ္မလုပ်အားယူခိုင်းစေမှု၊ ရိုက်နှက်ညှင်းပမ်းမှု၊ သတ်ဖြတ်မှု၊ အဓမ္မပြုကျင့်မှု စတဲ့ လူ့အခွင့်အရေးချိုးဖေါက်မှုတွေကို အသေးစိတ်ဖေါ်ပြထားပြီး၊ အမျိုးသား ရင်ကြားစေ့ရေး နဲ့အတူ ယုံကြည်မှု တည်ဆောက်ရေး၊ အသွင်ကူးပြောင်းမှုကို ငြိမ်းငြိမ်းချမ်းချမ်း ဖြတ်သန်းနိုင်ရေးအတွက် အစိုးရ နဲ့ ပြည်သူကြားက ဆက်ဆံရေးကို ဘယ်လို ဘယ်ပုံ ပြန်လည် တည်ဆောက်သင့်ကြောင်း ဆွေးနွေးတင်ပြထား ပါတယ်။
ငြိမ်းချမ်းရေးတည်ဆောက်ရာမှာ ယုံကြည်မှုတည်ဆောက်ရေး၊အမျိုးသားရင်ကြားစေ့ရေး နဲ့တရားမျှတမှု ဆိုင်ရာအသွင် ကူးပြောင်းရေး ဆိုတဲ့ အရေးကြီးတဲ့ အချက်သုံးချက်ရှိကြောင်း၊ အဲဒီအချက်တွေ ဖြည့်ဆည်းပေးဖို့ အစိုးရက စတင် အကောင်အထည်ဖေါ်ရမှာဖြစ်ကြောင်း၊ ပြုပြင်ပြောင်းလဲရေးကိုအမှန်တကယ် ဆောင်ရွက် မယ် ဆိုရင် နစ်နာခဲ့သူတွေရဲ့ စကားသံကိုနားထောင်ပေးရမှာဖြစ်ပြီး၊ သူတို့ရဲ့ ထိခိုက်နစ်နာမှုတွေ၊ နာကျင်ခံစားခဲ့ရ တာတွေကို အသိအမှတ်ပြုရ မယ့်အပြင် အနာဂတ်မှာအလားတူ ကျူးလွန်မှုတွေထပ်မံမပေါ်ပေါက်အောင် ကာကွယ်ပေးရမှာဖြစ်ကြောင်း ဖေါ်ပြ ထားပါတယ်။