ANP မာန်အောင် မြို့နယ်အလုပ်အမှုဆောင် ၁၃ ဦး နုတ်ထွက်
2019.05.31

ရခိုင်အမျိုးသားပါတီ ANP ထိပ်ပိုင်းခေါင်းဆောင်တွေဟာ အောက်ခြေမှာရှိတဲ့ ပါတီဝင်တွေရဲ့ဆန္ဒကို အလေးမထား လို့ဆိုပြီး မာန်အောင်မြို့နယ် ပါတီအလုပ်အမှုဆောင်ကော်မတီဝင် ၁၅ ဦးရှိတဲ့အနက် ၁၃ ဦးက ပါတီကနေ နုတ်ထွက်စာပေးပို့လိုက်တယ်လို့ မာန်အောင်မြို့နယ်က ပါတီအတွင်းရေးမှူးအဖြစ်ဆောင်ရွက်ခဲ့တဲ့ ဦးသန်းနိုင် က RFA ကို ဒီနေ့ပြောပါတယ်။
မာန်အောင်မြို့နယ် ပါတီအတွင်းရေးမှူးအဖြစ်ဆောင်ရွက်ခဲ့တဲ့ ဦးသန်းနိုင်ဟာ ပါတီရဲ့ ဗဟိုကော်မတီဝင် တစ်ဦးဖြစ်ပြီး မကြာသေးခင်က ပါတီကနေ ထုတ်ပယ်ခံခဲ့ရပြီးနောက် မြို့နယ် အလုပ်အမှုဆောင် ၁၃ ဦးက ပါတီကနေ နုတ်ထွက်လာတာဖြစ်ပါတယ်။
ပါတီရဲ့ ဗဟိုကော်မတီဝင်တစ်ဦးဖြစ်တဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်းကတော့ ဦးသန်းနိုင်ဟာ ပါတီခေါင်းဆောင်တွေနဲ့ ပါတီအပေါ် ဂုဏ်သိက္ခာကျဆင်းအောင် ဆောင်ရွက်ချက်တွေရှိတာကြောင့် မကြာသေးခင် က ပါတီကနေထုတ်ပယ်ခဲ့သလို အခုနုတ်ထွက်ခွင့်တင်ထားတဲ့စာတွေဟာ ဗဟိုကော်မတီက လက်ခံမရ ရှိသေးကြောင်း၊ လက်ခံရရှိခဲ့ရင်လည်း ပါတီစည်းမျဉ်းတွေနဲ့အညီ ဆောင်ရွက်မှာဖြစ်တယ်လို့ RFA ကိုပြောပါတယ်။
ပါတီက ထုတ်ပယ်ခံခဲ့ရတဲ့ ဦးသန်းနိုင်ကတော့ ဗဟိုကော်မတီအနေနဲ့ လုပ်ထုံးလုပ်နည်းတွေကိုကျော်ပြီး သူ့ကိုထုတ်ပယ်ခဲ့တာလို့ပြောပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုမင်းသိန်းအောင် ပေးပို့တာပါ။