မူဆယ်မှာ ဆိုင်မဖွင့်ရင် တစ်လယာယီပိတ်မယ်လို့ ကြေညာပြီးနောက် ဗုံးနဲ့ပစ်ခတ်ခံရ

2021.12.10
မူဆယ်မှာ ဆိုင်မဖွင့်ရင် တစ်လယာယီပိတ်မယ်လို့ ကြေညာပြီးနောက် ဗုံးနဲ့ပစ်ခတ်ခံရ ၂၀၂၁ ဒီဇင်ဘာ ၁၀ ရက်နေ့ အသံတိတ်သပိတ်မှာ မူဆယ်မြို့က ပိတ်ထားတဲ့ဆိုင်တွေကို တွေ့ရစဥ်
Photo: CJ

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့မှာ ဒီဇင်ဘာလ ၁၀ ရက် ဒီနေ့ စည်ပင်သာယာဌာနအောက်က စျေးဆိုင် တွေ မဖွင့်ရင် တစ်လယာယီ ပိတ်သိမ်းမယ်လို့ လိုက်လံကြေညာပြီးနောက် မြို့နယ်စည်ပင်သာယာရုံး ဗုံးနဲ့ပစ်ခတ်ခံခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။

မူဆယ်မြို့ စျေးရပ်ကွက်၊ နယ်မြေ (၆)၊ စည်ပင်လမ်းမှာရှိတဲ့ မြို့နယ်စည်ပင်သာယာရေးရုံး ဒီနေ့ နေ့လယ် ၁ နာရီခန့်က ဗုံးနဲ့ပစ်ခတ်ခံရတာဖြစ်ပြီး ထိခိုက်ဒဏ်ရာရမှု ရှိ၊ မရှိကိုတော့ တိတိကျကျ မသိရသေးပါဘူး။

ဒါပေမဲ့ ပေါက်ကွဲမှုကြောင့် အနီးအနား အိမ်တွေက မှန်အချို့ကွဲသွားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မူဆယ်ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

“အသံကတော့ တော်တော်ကျယ်တယ်။ ပေါက်ကွဲသံဖြစ်ပြီး မကြာခင် လူနာတင်ကားဝင်သွားတယ်။ ပြန်ထွက်သွားတော့ မိန်းကလေး ငါးယောက်လောက် ကားပေါ်ပါသွားတယ်။ မြင်ရသလောက်တော့ နှစ်ယောက်လောက် ထိခိုက်ဒဏ်ရာရမယ်ထင်တယ်။ အခုတော့ လက်နက်တွေနဲ့ စစ်သားတွေ ရောက်နေပြီ ”

မြို့နယ်စည်ပင်သာယာဌာနက မူဆယ်မြို့မှာရှိတဲ့ စျေးတွေမှာ ဆိုင်တွေမပိတ်ဖို့ ဒီနေ့မနက်ပိုင်းက အခုလို လိုက်လံကြေညာခဲ့တာဖြစ်ပါတယ်။

“မူဆယ်မြို့နယ် စည်ပင်သာယာရေးဌာန ကွပ်ကဲမှုအောက်ရှိ စျေးများအားလုံး ခိုင်လုံသည့် အကြောင်း ပြချက် တစ်စုံတစ်ရာမရှိဘဲ ယနေ့စျေးရောင်းချခြင်းမရှိပါက မြို့နယ်စည်ပင်သာယာရေးဌာနရဲ့ စျေးစည်းကမ်းဥပဒေအရ တစ်လယာယီ ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း ကြိုတင်အသိပေး အကြောင်းကြားအပ်ပါတယ် ”

ဒါပေမဲ့ မူဆယ်တစ်မြို့လုံးက စျေးဆိုင်တွေ ဒီနေ့မှာ အကုန်ပိတ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီဇင်ဘာလ ၁၀ ရက် ဒီနေ့ကျရောက်တဲ့ နိုင်ငံတကာ လူ့အခွင့်အရေးနေ့မှာ စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့အနေနဲ့ နိုင်ငံတစ်ဝန်း ဆိုင်တွေပိတ်ပြီး အပြင်မထွက်ဘဲ အသံတိတ် သပိတ်ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။