ထိန်းသိမ်းခံထားရတဲ့ မွတ်စလင် ၁၇၀ ကျော် ကော့သောင်းကနေ နေရပ်ပြန်

နေမျိုးထွန်း
2020.01.10
muslim-boat-622.jpg တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့အနီး ပင်လယ်ပြင်မှာ ဖမ်းဆီးမိခဲ့တဲ့ မွတ်စလင် ၁၇၀ ကျော် လိုက်ပါလာတဲ့ စက်လှေကို တွေ့ရစဉ်
ဓါတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့ ဇာဒတ်ကြီးကျွန်းမှာ ထိန်းသိမ်းထားတဲ့ မွတ်စလင် ၁၇၀ ကျော်ကို ရခိုင်ပြည်နယ် စစ်တွေမြို့ကို ပြန်လည်ပို့ဆောင်ပေးလိုက်ပြီလို့ ကမ်းရိုးတန်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး သန့်ဇင်ဦးက ပြောပါတယ်။

ကော့သောင်းမြို့နယ်အနီး ပင်လယ်ပြင်ကနေ ဖမ်းဆီးထိန်းသိမ်းထားတဲ့ မွတ်စလင် ၁၇၂ ဦးကို ဇာဒတ်ကြီးကျွန်းကတော့ ဇန်နဝါရီလ ၈ ရက်နေ့က ရခိုင်ပြည်နယ် စစ်တွေမြို့ကို တပ်မတော် ထောက်ပံ့ရေးရေယာဉ်နဲ့ ပို့ဆောင်လိုက်ပြီလို့ ကမ်းရိုးတမ်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး သန့်ဇင်ဦးက RFA ကို ပြောပါတယ်။

“ကျွန်တော်တို့ ၂၀၂၀ ဇန်နဝါရီ ၈ ရက်နေ့ ၁၂ နာရီ ၁၀ မိနစ်ပေါ့။ တပ်မတော် ထောက်ပံ့ရေး ရေယာဉ် ၆၁၇ အဲဒါနဲ့ လိုက်ပို့တယ်။ လူဦးရေကတော့ ၁၇၂ ဦး၊ ကျွန်တော်တို့ ထိန်းသိမ်းထားတဲ့ ဇာဒတ်ကြီးကျွန်းအနီးကနေ ထွက်သွားပြီဗျ”

အဲဒီ မွတ်စလင် ၁၇၀ ကျော်ကို စစ်တွေမြို့ကနေ ဘယ်ကို ပို့ဆောင်မယ်၊ ဘယ်လိုလုပ်ဆောင်သွားမယ် ဆိုတာကို သူ့အနေနဲ့ မသိရှိရဘူးလို့ ပြောတယ်။

အခုလို ပို့ဆောင်ရာမှာ လူဝင်မှုကြီးကြပ်ရေး၊ ရဲတပ်ဖွဲ့၊ ကျန်းမာရေးဆိုင်ရာ ဝန်ထမ်းတွေ၊ တပ်မတော်နဲ့ အထွေထွေအုပ်ချုပ်ရေးမှူး စတဲ့ဌာနဆိုင်ရာအဖွဲ့အစည်းတွေက တာဝန်ရှိသူ ၄၂ ဦးနဲ့ ကြီးကြပ်ပြီး ပို့ဆောင်နေတာဖြစ်တယ်လို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီး ဦးကျော်မင်းက ပြောပါတယ်။

စစ်တွေမြို့ကိုရောက်ရင် သက်ဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးက ပြန်လည်စိစစ်ပြီး လုပ်ဆောင်သွားမယ်လို့ ယူဆကြောင်း ဝန်ကြီး ဦးကျော်မင်းက ပြောပါတယ်။

“မရောက်လောက်သေးဘူး ထင်တယ်။ အနည်းဆုံး သုံးရက် သို့မဟုတ် လေးရက်လောက်ကြာမယ်လို့ ပြောသံကြားတယ်ဗျ။ အလတ်တလော အခြေအနေအရတော့ စစ်တွေကို ရောက်ပြီဆိုတဲ့ အနေအထားမျိုးတော့ ကျွန်တော် မသိရသေးဘူးဗျ။ စစ်တွေရောက်သွားတယ်ဆိုရင် ပြည်ထောင်စုအစိုးရအဖွဲ့ကို သတင်းပို့ပြီးတော့ လမ်းညွှန်မှုခံယူရမှာပဲ။ ပြီးတော့မှ မြန်မာနိုင်ငံဘက်က သူတွေလား၊ ဒါမှမဟုတ် ဘင်္ဂလားဒေ့ရှ်ဘက်ပါသလား အဲဒါကိုတော့ ပြန်ပြီးတော့ စစ်တွေဘက်မှာရှိတဲ့ လဝကအဖွဲ့က ပြန်လည်စိစစ်ပြီးတော့ လုပ်သွားလိမ့်မယ်လို့ ကျွန်တော်ကတော့ အဲဒီလို ယူဆတယ်”

ဒီကိစ္စနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်ကို RFA က ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၅ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းကနေ ထွက်ပြေးလာသူတွေ အပါအဝင် လူပေါင်း ၁၇၂ ဦးလိုက်ပါလာတဲ့ စက်လှေကို ကော့သောင်းမြို့နဲ့ ရေမိုင် ၁၅၀ ကျော်လောက်အကွာမှာ တပ်မတော် စစ်ရေယာဉ်က ဖမ်းဆီးခဲ့တာလို့ တပ်မတော်က သတင်းထုတ်ပြန်ထားပါတယ်။

ဘင်္ဂလားဒေ့ရှ်နယ်စပ် ဒုက္ခသည်စခန်းတွေ၊ စစ်တွေနဲ့ ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်စခန်းတွေမှာရှိတဲ့ ရိုဟင်ဂျာ မွတ်စလင်တွေဟာ ကုန်းလမ်း၊ ရေလမ်းတွေကနေ ပြည်တွင်းထဲ၊ ဒါမှမဟုတ် မလေးရှားနဲ့ ထိုင်းနိုင်ငံတွေကို အလုပ်အကိုင်အခွင့်အလမ်းအတွက် ထွက်ခွာတာတွေရှိပါတယ်။

ဒီလိုထွက်ခွာလာသူတွေကို အထောက်အထားမပါဘဲ ခရီးသွားလို့ဆိုပြီး လဝက ဥပဒေတွေနဲ့ ဖမ်းဆီးထောင်ချခဲ့သလို တချို့ကို နေရပ်ပြန်ပို့ခဲ့တာတွေရှိခဲ့ပေမယ့် အခု ကော့သောင်းက မွတ်စလင်တွေကိုတော့ အမှုဖွင့်တာတွေ မလုပ်ဘဲ ပြည်ထောင်စုအစိုးရ ညွှန်ကြားချက်နဲ့ နေရပ်ပြန်ပို့နေတာဖြစ်ပါတယ်။

ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေကို အရေးမယူဘဲ အခုလိုပြန်ပို့ဖို့ စီစဉ်တာဟာ ကောင်းမွန်တဲ့ လုပ်ရပ်ဖြစ်ပြီး ဒုက္ခသည်တွေကို ထပ်အပြစ်ပေးဦးမယ်ဆိုရင်တော့ လူသားချင်း မစာနာရာရောက်ကြောင်း အရင်အဖွဲ့တွေတုန်းက ဖမ်းဆီးထောင်တွေချတာမျိုးတွေ ရှိခဲ့ကြောင်းနဲ့ အခုလို သူတို့လာတဲ့နေရာကို ပြန်ပို့တာဟာ ကောင်းမွန်တဲ့ ခြေလှမ်းဖြစ်တယ်လို့ အစ္စလာမ်ဘာသာရေး ခေါင်းဆောင်လည်းဖြစ် ကိုဖီအာနန်ကော်မရှင် အဖွဲ့ဝင်ဟောင်းလည်းဖြစ်တဲ့ ဦးအေးလွင်က RFA ကို ပြောထားပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလှုံနေတဲ့ ဒုက္ခသည်တွေဟာ ပွင့်လင်းရာသီတွေမှာ ထိုင်းနဲ့ မလေးရှားနိုင်ငံတွေကို ကုန်းလမ်း၊ ရေလမ်းတွေကနေ သွားရောက်ဖို့ ကြိုးစားတတ်ကြပြီး လူကုန်ကူးခံရနိုင်တဲ့ အခြေအနေတွေ ရှိနေကြောင်း နိုင်ငံတကာ လူ့အခွင့်အရေးလှုပ်ရှားနေတဲ့ အဖွဲ့တွေက ပြောပါတယ်။

လူ့အခွင့်ရေးလှုပ်ရှားသူ Fortify Rights အဖွဲ့က ကိုနစ်ကီဒိုင်းမွန်းကလည်း ဒီလိုနေရပ်မှာ အဆင်မပြေလို့ ထွက်ပြေးလာသူတွေကို မူလနေရပ်ပြန်ပို့တာ မဖြစ်သင့်ဘဲ သူတို့သွားချင်တဲ့ နေရာသွားဖို့ အထောက်အထား ထုတ်ပေးတာမျိုးတွေ လုပ်ပေးသင့်တယ်လို့ ဒီဇင်ဘာလ ၂၂ ရက်နေ့က RFA ကို ပြောဆိုထားပါတယ်။

ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားတဲ့ ရိုဟင်ဂျာဒုက္ခသည် ခုနှစ်သိန်းကျော်ရှိနေပြီး ပြန်လည်ခေါ်ယူနိုင်ရေးအတွက် အစိုးရအနေနဲ့ ၂၀၁၈ ခုနှစ်က စတင်ဆောင်ရွက်ခဲ့ရာမှာ လက်ရှိအချိန်အထိ တရားဝင်ပြန်လာသူ မရှိသေးပါဘူး။ မြန်မာအစိုးရရဲ့ ထုတ်ပြန်ချက်တွေမှာတော့ မိမိသဘောဆန္ဒအရ ပြန်လာသူ အနည်းငယ်ရှိနေကြောင်း ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။