တဘက်နိုင်ငံကို ထွက်ခွာသူ အရေအတွက် တိုးလာ
2017.10.06

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်ကနေ တစ်ဘက်နိုင်ငံကို သွားရောက်ဖို့ နေရပ်စွန့်ခွာလာခဲ့ကြတဲ့ မွတ်ဆလင် ဦးရေဟာ စက်တင်ဘာလ ၂၆ ရက်နေ့ကနေ အောက်တိုဘာ ၅ ရက်နေ့အထိ ၉ ရက်အတွင်း လူပေါင်း ၁၇၀၀၀ ကျော် ရှိတယ်လို့ သတင်းထုတ်ပြန်ရေးကော်မတီက မနေ့ကထုတ်ပြန်ပါတယ်။
စားဝတ်နေရေး၊ ကျန်းမာရေး၊ လုံခြုံရေးအခက်အခဲတွေအပြင် တဘက်ဘင်္ဂလားဒေ့ရ်ှနိုင်ငံကို ရောက်ရှိနေကြ တဲ့ မွတ်ဆလင်တွေက ထွက်ခွာလာဖို့ ပြောဆိုတာတွေရှိသလို လူနည်းစုဖြစ်လာမှာစိုးရိမ်ပြီး တဘက်နိုင်ငံမှာ ရှိတဲ့ မျိုးနွယ်စုတွေထံ သွားရောက်လိုကြတာကြောင့် အခုလို ထွက်ခွာလာကြတာဖြစ်တယ်လို့လည်း ထုတ်ပြန်ချက် မှာဖော်ပြထားပါတယ်။
နေရပ်စွန့်ခွာလာတဲ့ မွတ်ဆလင်တွေဟာ ဘူးသီးတောင်မြို့နယ်အတွင်းက ကျေးရွာတွေကနေ မြန်မာ-ဘင်္ဂလားဒေ့ရ်ှ နှစ်နိုင်ငံနယ်စပ်အနီးမှာရှိတဲ့ ရွာသစ်ကေ၊ လေယာဉ်ပျံကွင်း၊ ငါးရံ့ချောင်း၊ ပညောင်ပင်ကြီး ၊ ဂေါ်ဒူသာရချောင်းဝ စတဲ့နေရာတွေအနီးမှာ အသီးသီးစုပြုံရောက်ရှိလာကြတာဖြစ်တယ်လို့လည်းသိရပါတယ်။
အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဘက်ကလည်း သွားရောက်ကြည့်ရှုတာတွေရှိပေမယ့်လည်း အခုလိုနေရပ်စွန့်ခွာလာကြတဲ့သူတွေဟာ တဘက်ဘင်္ဂလားဒေ့ရ်ှနိုင်ငံကို ဆက်လက်ထွက်ခွာသွားခဲ့ကြသလား၊ ဒါမှမဟုတ် နေရပ်ကိုပြန်လာကြသလား ဆိုတာကိုတော့ ထုတ်ပြန်ချက်မှာ တိတိကျကျ ဖော်ပြမထားပါဘူး။
ပြီးခဲ့တဲ့ သြဂုတ်လ ၂၅ ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ ရဲကင်းစခန်းတွေကို ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်နောက်ပိုင်း မှာ ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်နေတဲ့ မွတ်ဆလင်ဦးရေ ၄ သိန်းကျော် ရှိနေပြီဖြစ်တယ်လို့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ သတင်းမီဒီယာတွေက ဖော်ပြကြပါတယ်။ မြန်မာအစိုးရဘက် ကတော့ တဘက်နိုင်ငံကိုရောက်ရှိနေတဲ့ အရေအတွက်ကို ထုတ်ပြန်ထားတာ မရှိပါဘူး။