ဦးကျော်မိုးထွန်းကို လုပ်ကြံဖို့ ကြံစည်မှုအတွက် ဖမ်းဆီးခံထားရသူနှစ်ဦးအမှု ရုံးချိန်းရွှေ့ဆိုင်း

2021.09.29
ဦးကျော်မိုးထွန်းကို လုပ်ကြံဖို့ ကြံစည်မှုအတွက် ဖမ်းဆီးခံထားရသူနှစ်ဦးအမှု ရုံးချိန်းရွှေ့ဆိုင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို အကြမ်းဖက်တိုက်ခိုက်ဖို့ ကြံစည်မှုနဲ့ ဖမ်းဆီးထိန်းသိမ်းခံရပြီး နယူးယောက်မြို့ တရားရုံးမှာ တရားရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံသား ဖြိုးဟိန်းထွဋ်နဲ့ ရဲဟိန်းဇော်။
Photo: CJ

ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို အကြမ်းဖက်တိုက်ခိုက်ဖို့ ကြံစည်မှုနဲ့ ဖမ်းဆီးထိန်းသိမ်းခံရပြီး နယူးယောက်မြို့ တရားရုံးမှာ တရားရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံသား ဖြိုးဟိန်းထွဋ်နဲ့ ရဲဟိန်းဇော်တို့ရဲ့အမှု ရုံးတင်စစ်ဆေးနေတာကို အောက်တိုဘာလ ၂၇ ရက် အထိ ရွှေ့ဆိုင်းထားဖို့ နယူးယောက်တောင်ပိုင်းခရိုင် တရားရုံးက စက်တင်ဘာ ၂၈ ရက် ဗုဒ္ဓဟူးနေ့မှာ ဆုံးဖြတ်လိုက်ပါတယ်။

နယူးယောက် တောင်ပိုင်းခရိုင်တရားရုံးကနေ RFA က ရရှိတဲ့ တရားရုံးမှတ်တမ်းတွေအရ ဒီအမှုမှာ တရားလိုအဖြစ် တရားစွဲဆိုတဲ့ ခရိုင်လက်ထောက် ဥပဒေအရာရှိ ရှေ့နေ နီကိုးလပ် ဘရက်ဒလေက ရက်ရွှေ့ဆိုင်းဖို့ လျှောက်ထားခဲ့တာဖြစ်ပြီး တရားခံနှစ်ဦးရဲ့ရှေ့နေတွေကလည်း ရက်ရွှေ့ဆိုင်းဖို့ သဘောတူခဲ့တယ်လို့ ဖော်ပြထားပါတယ်။

မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်းကို တိုက်ခိုက်ဖို့ ကြံစည်ခဲ့တယ်လို့စွပ်စွဲခံထားရသူ မြန်မာနိုင်ငံသား နှစ်ဦးဟာ သူတို့ဖမ်းဆီးခံရပြီးကတည်းက ရုံးတင် စစ်ဆေးမှု မလိုအပ်ဘဲ အပြစ်ဝန်ခံပြီး အမိန့်ချမှတ်နိုင်ဖို့ တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းနေကြောင်းနဲ့ အခု ရုံးချိန်းရက်ရွှေ့ဆိုင်းလိုက်တဲ့ကာလအတွင်းမှာလည်း ဆက်လက်ပြီး ဆွေးနွေးညှိနှိုင်းသွားမှာဖြစ်တဲ့အကြောင်း ရှေ့နေ နီကိုးလပ် ဘရက်ဒလေရဲ့ လျှောက်လွှာထဲမှာ ဖော်ပြထားပါတယ်။

နယူးယောက်မြို့မှာ နေထိုင်တဲ့ မြန်မာနိုင်ငံသားတွေ ဖြစ်တဲ့ ဖြိုးဟိန်းထွဋ်နဲ့ ရဲဟိန်းဇော်တို့ကို နယူးယောက်ရဲတပ်ဖွဲ့က သြဂုတ်လ ၆ ရက်နေ့က ဖမ်းဆီးခဲ့ပြီး၊ နိုင်ငံခြား အရာရှိတစ်ဦးကို အကြမ်းဖက်တိုက်ခိုက်ရန် ကြံစည်မှုနဲ့ တရားစွဲဆိုခံထားရတာ ဖြစ်ပါတယ်။ ဒီအမှုအတွက် ပြစ်မှုထင်ရှားကြောင်း တွေ့ရပါက အမြင့်ဆုံး ထောင်ဒဏ် ငါးနှစ်အထိ ကျခံရမှာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။