ကျောက်မဲမှာ တပ်နဲ့ RCSS စစ်ရေးတင်းမာ၊ ဒုက္ခသည် နှစ်ထောင်ကျော်ရှိနေ
2020.10.09
ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့နယ်ထဲက ကျေးရွာတွေမှာ ပြီးခဲ့တဲ့ အောက်တိုဘာလဆန်းပိုင်း ကတည်းက တပ်မတော်နဲ့ RCSS တပ်ဖွဲ့တွေရဲ့ တိုက်ပွဲတွေဖြစ်ပွားနေပြီး လက်ရှိမှာလည်း စစ်ရေး တင်းမာ နေကြပါတယ်။ စစ်ဘေးဒုက္ခသည် စုစုပေါင်းဟာလည်း ၂၅၀၀ ကျော်လာနေပါပြီ။
တိုက်ပွဲကြောင့် မိသားစုဝင်တွေ တစ်နေရာစီမှာ ကွဲကွာနေရကြရပါတယ်။ ရွာမှာကျန်ခဲ့တဲ့ မိသားစုဝင်တွေ ကျွဲနွား တွေကို စိတ်ပူနေကြရပါတယ်။ စစ်ဘေးဒုက္ခသည်တွေကို လွှတ်တော်ကိုယ်စားလှယ်တွေ ဘုန်းတော်ကြီးတွေရဲ့ ကူညီပေးမှုတွေကြောင့် ရွာပေါင်း ရှစ်ရွာက ဘုန်းကြီးကျောင်းတွေမှာ ဒုက္ခသည် ၂၅၀၀ ကျော်တို့ ခိုလှုံနေရပါတယ်။
အောက်တိုဘာ ၂ ရက်နေ့ကတည်းက တောင်ထိပ်ရွာ၊ နမ့်မိန့်ဟင်းရွာတွေအနီး တိုက်ပွဲတွေကြောင့် တောင်ထိပ်ရွာ ဘုန်းကြီးကျောင်းကို လာရောက်ခိုလှုံနေကြတာဖြစ်ပြီး အောက်တိုဘာ ၈ ရက်နေ့ ညနေပိုင်းအထိ လူဦးရေ ၆၅၀ ဝန်းကျင်ရှိပါတယ်။ သူတို့ဘဝမှာ ဒါဟာ ပထမဦးဆုံးအကြိမ် စစ်ဘေးဒုက္ခသည်အဖြစ် ထွက်ပြေးကြရတာလို့ ရွာသားတွေက ပြောပါတယ်။
တောင်ထိပ်ရွာဟာ လမ်းပန်းဆက်သွယ်ရေးခက်ခဲသလို တောင်ထိပ်ရွာကိုသွားတဲ့ နမ့်မိန်ဟင်းကျေးရွာ ပုံဝိုးကျေးရွာအနီးလမ်းမှာ တိုက်ပွဲဖြစ်နေတာကြောင့် တောင်ထိပ်ရွာကို စားနပ်ရိက္ခာ မပို့နိုင်ခဲ့တဲ့အတွက် အခက်အခဲဖြစ်ခဲ့တယ်လို့ ရှမ်းပြည်နယ်လွှတ်တော် ကျောက်မဲ မဲဆန္ဒနယ်အမှတ် (၁) SNLD ပါတီ ကိုယ်စားလှယ် စိုင်းထွန်းဝင်းက ပြောပါတယ်။
ဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာ ပြတ်နေသလို တစ်ရွာနဲ့တစ်ရွာ မသွားလာရဲကြဘူးလို့ ဆိုပါတယ်။
အောက်တိုဘာ ၇ ရက်နေ့မှာ နမ့်မိန်ဟင်းကျေးရွာအနီး တပ်မတော်ဘက်က ရဟတ်ယာဉ်တွေနဲ့ ရိက္ခာတွေ ချတာရှိသလို ရဟတ်ယာဉ်ပေါ်ကနေ ပစ်ခတ်မှုတွေရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
တောင်ထိပ်ရွာအောက် ခုနှစ်မိုင်ဝေးတဲ့ ပုံဝိုးရွာမှာတော့ ထွက်ပြေးလာသူ ငါးရာဝန်းကျင်ရှိနေပြီး ကိုရိုနာဗိုင်းရပ်စ် ကိုဗစ်ကာလဖြစ်တာကြောင့် နေရာထိုင်ခင်းအခက်အခဲရှိသလို စားစရာတွေ အဝတ်အထည်တွေ လိုအပ်နေတယ် လို့ ကူညီပေးနေတဲ့ မဖြူစင်ထွန်းက ပြောပါတယ်။
အောက်တိုဘာလ ၉ ရက်နေ့ ဒီမနက်အထိ စာရင်းတွေအရ ပုံဝိုးကျေးရွာမှာ ငါးရာကျော်၊ တောင်ထိပ် ရွာမှာ ခြောက်ရာငါးဆယ်ဝန်းကျင်၊ ကွင်ဟင်ကျေးရွာမှာ ငါးရာကျော်၊ ကောင်းလန်းရွာမှာ နှစ်ရာကျော်၊ နားဆောင်းရွာမှာ တစ်ရာဝန်းကျင်၊ နောင်ကွမ်ရွာမှာ တစ်ရာဝန်းကျင်၊ ဟဲကွီမှာ တစ်ရာ့ခြောက်ဆယ်၊ နမ့်ဟမ်ခိတ်ကျေးရွာမှာ လေးရာဝန်းကျင် ရှိနေပြီး စုစုပေါင်းကျေးရွာရှစ်ရွာက ဘုန်းကြီးကျောင်းတွေမှာ ထွက်ပြေးနေရသူ ၂၆၀၀ ကျော် ရှိနေပြီဖြစ်ပါတယ်။
တိုက်ပွဲရပ်ဖို့ဆိုရင် တပ်မတော်စစ်ကြောင်းတွေကို RCSS ဘက်က တိုက်ခိုက်တာမလုပ်ဖို့ လိုတယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။
RCSS အနေနဲ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် NCA မှာ သဘောတူထားတဲ့အတိုင်း ရှမ်းပြည် တောင်ပိုင်းမှာပဲ နေထိုင်ဖို့လိုတယ်လို့ ပြောပါတယ်။
RCSS ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီး စိုင်းအွမ်ခေးကတော့ တပ်မတော်ဘက် ထိုးစစ်တွေရပ်ပြီး ဆွေးနွေးဖို့လိုသလို တပ်မတော်ကပြောတဲ့ နယ်မြေကျော်လွန်တယ်ဆိုတဲ့ ပြောဆိုချက်ဟာ မမှန်ကန်ဘူးလို့ ဆိုပါတယ်။
ရွာသားတွေကတော့ ကျေးရွာအနီး တိုက်ပွဲတွေ ဆက်ဖြစ်နေရင် ပြန်ဖို့ခက်ပြီလို့ မိသားစုအလိုက် စစ်ရှောင်နေရတဲ့ စိုင်းစုက ပြောပါတယ်။
အောက်တိုဘာလ ၈ ရက်နေ့မနေ့ကအထိ ကျောက်မဲ မြို့နယ်အတွင်းမှာ တပ်မတော်ဘက်လည်း စစ်အင်အား ရာနဲ့ချီ ထပ်မံ တိုးချဲ့ထားသလို နှစ်ဘက်စစ်ရေးအခြေနေတွေက ဆက်လက် တင်းမာနေတာကို တွေ့ရပါတယ်။