မြန်မာ့တပ်မတော်ကို နာမည်ပျက်စာရင်း ကုလသမဂ္ဂ ထည့်သွင်း


2018.04.17
army-622.jpg လွတ်လပ်ရေးနေ့မှာ စစ်ရေးပြနေတဲ့ တပ်မတော်သားတွေကို တွေ့ရစဉ်
Photo: RFA
မြန်မာ့ တပ်မတော်ဟာ ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေ ကို နှိပ်ကွပ်တဲ့အနေနဲ့ အကြမ်းဖက်မှုတွေကို မဟာဗျူဟာချပြီး ကျူးလွန်ခဲ့ကြောင်း၊ အဲဒီလူတွေကို သူတို့မွေးဖွားရာ ဇာတိမြေကနေ အပြီးအပိုင် ထွက်ပြေးရအောင် လူမျိုးတုံး ရှင်းလင်းစစ်ဆင်ရေးတွေ ချမှတ် ဆောင်ရွက် ခဲ့ကြောင်း၊ စစ်မက်ဖြစ်ပွားရာဒေသများမှာ လိင်အကြမ်းဖက်မှုတားဆီးရေးဆိုင်ရာ ကုလ-အထူးကိုယ်စားလှယ် Patten ပက်တန်က ပြောကြားလိုက်ပါတယ်။

ပက်တန်ဟာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ် ရဲ့ အထူးကိုယ်စားလှယ်ဖြစ်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို တနင်္လာနေ့ က တင်ပြခဲ့တဲ့ နှစ်ပတ်လည် အစီရင်ခံစာမှာ အခုလို ဖေါ်ပြခဲ့တာပါ။

ဒ့ါအပြင် Sultana ဆူလ်တာနာဆိုတဲ့ ရိုဟင်ဂျာ လူ့အခွင့်အရေး  ရှေ့နေတဦးကလည်း ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့ ရိုဟင်ဂျာဒုက္ခသည်ပြသနာကို တားဆီးကာကွယ်နိုင်ခဲ့ခြင်း မရှိကြောင်း၊ ဒါကြောင့် အခုလို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေနဲ့ တခြားရာဇဝတ်မှုတွေဖြစ်ပွားခဲ့တာကို အရေးယူဖို့ နိုင်ငံတကာတရားရုံးကို လွဲပြောင်းပေးသင့်ကြောင်း လုံခြုံရေးကောင်စီ ဆွေးနွေးပွဲမှာ ပြောပါတယ်။ အဲဒီ  ရှေ့နေက မြန်မာ့တပ်မတော်ဟာ အမျိုးသမီးတွေကို ရိုဟင်ဂျာလူမျိုးဖြစ်တဲ့အချက် တခုတည်းကြောင့် အုပ်စုဖွဲ့ အဓမ္မပြုကျင့်မှု၊ နှိပ်စက်ညှဉ်းပန်းမှုနဲ့ သတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း တင်ပြခဲ့တယ်လို့ ကုလသမဂ္ဂရဲ့ အင်္ဂါနေ့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

ဒီအတောအတွင်း နယူးယောက်အခြေစိုက် HRW လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က ကြေညာချက်တစောင် မနေ့က ထုတ်ပြန်ခဲ့ရာမှာ ပဋိပက္ခဖြစ်ပွားရာဒေသတွေမှာ လိင်အကြမ်းဖက်မှုတွေ ကျူးလွန်ခဲ့ကြောင်း သံသယရှိတဲ့ အဖွဲ့အစည်းစာရင်းမှာ မြန်မာ့တပ်မတော်ကို ကုလသမဂ္ဂက ထည့်သွင်းခဲ့ပုံနဲ့ အခုလို မတော်မတရားပြုကျင့်မှုတွေ ကို ကျူးလွန်ခဲ့ခြင်းမရှိဘူးလို့ မြန်မာ့တပ်မတော်က ငြင်းဆိုကာ ထိထိရောက်ရောက် အရေးယူလေ့မ ရှိကြောင်း ဖေါ်ပြထားပါတယ်။ ဒီသတင်းနဲ့ ပတ်သက်ပြီး မြန်မာအစိုးရနဲ့ တပ်မတော်ဘက်က ထုတ်ပြန်ပြောဆိုချက် တစ်စုံတရာ မရရှိသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။