မြန်မာတပ်မတော်ကို နာမည်ပျက်စာရင်း ကုလထည့်သွင်း


2018.04.14
guterres-622.jpg ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ်ကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးမှာ တွေ့ရစဉ်
Photo: United Nations - Twitter

အသစ်ထုတ်ပြန်မယ့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကျုးလွန်သူ အစိုးရနဲ့ လက်နက်ကိုင်အဖွဲ့များ ကုလသမဂ္ဂ နာမည်ပျက်စာရင်းမှာ မြန်မာ့တပ်မတော်ကို ထည့်သွင်းထားဖော်ပြထားတယ်လို့ ဧပြီ ၁၃ ရက်နေ့က AP သတင်းမှာ ဖော်ပြထားပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ်က တင်ပြဖို့ ပြင်ဆင်ထားတဲ့ ဒီအစီရင်ခံစာကို AP သတင်းဌာနက ကြိုတင်မိတ္တူတစ်စောင်ရရှိခဲ့တာဖြစ်ပြီး မြန်မာ့တပ်မတော်ဟာ ပဋိပက္ခတွေ အတွင်း အဓမ္မပြုကျင့်မှုနဲ့ တခြား လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို ကျူးလွန်တယ်လို့ အလွန်ယုံကြည်ရလောက် အောင် သံသယရှိထားကြောင်း၊ ဒါ့ကြောင့် ဒီနာမည်ပျက်စာရင်းမှာ ပထမဆုံး ထည့်သွင်းဖော်ပြခံရတာဖြစ်ကြောင်း သတင်းမှာ ရေးသားထားပါတယ်။

ဒီလိုပြစ်မှုတွေကို မြန်မာ့တပ်မတော်က ဒေသခံ ပြည်သူ့စစ်တွေနဲ့အတူ ၂ဝ၁၆ အောက်တိုဘာလကနေ ၂ဝ၁၇ သြဂုတ်လကာလအတွင်း ရခိုင်ပြည်နယ် မြောက်ပိုင်း နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးတွေမှာ ကျုးလွန်ခဲ့တယ်လို့ သံသယရှိကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အစီအရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒီအစီရင်ခံစာကို တနင်္လာနေ့မှာ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ကျင်းပမယ့် ပဋိပက္ခတွေအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ကာကွယ်ရေးဆိုင်ရာ အစည်းအဝေးမှာ တင်ပြမှာဖြစ်ပြီး မြန်မာ့တပ်မတော် အပါအဝင် အစိုးရနဲ့ လက်နက်ကိုင်အဖွဲ့အစည်း ၅၁ ဖွဲ့ကို စာရင်းထဲမှာ နာမည်ပျက်ဖော်ပြထားတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။