မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့ အစည်းအဝေးကျင်းပ
2017.11.14

ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို နိုင်ငံဖြတ်ကျော်ဝင်ရောက်မှုတွေ ရပ်တန့်ပေးဖို့နဲ့ လက်ရှိမှာဘင်္ဂလားဒေ့ရှ်ကို ဖြတ်ကျော် ဝင်ရောက်သူ လူဦးရေ ၆သိန်းကျော်ရှိတယ်လို့ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်၊ ညွှန်ကြားရေးမှူးချုပ်က ဒီနေ့ အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။
ဒီနေ့ နေပြည်တော် သင်္ဂဟဟိုတယ်မှာ စတုတ္ထအကြိမ်မြောက် မြန်မာ- ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ နယ်ခြားစောင့် တပ်ဖွဲ့များအကြား လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေး ဗဟိုအဆင့်အစည်းအဝေး ကျင်းပခဲ့တာဖြစ်ပါတယ်။
မကြာခင်မှာ မြန်မာနိုင်ငံကို လာရောက်မယ့် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး ခရီးစဉ်အတွင်း မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားသူတွေ ပြန်လည်လက်ခံဖို့ နှစ်နိုင်ငံနားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး မှာဖြစ်ပြီး ဘယ်လိုလူတွေကို လက်ခံမယ်ဆိုတဲ့ မူဝါဒတွေကို ပြတ်ပြတ်သားသားဆွေးနွေးနိုင်မှာဖြစ်တယ်လို့ မြန် မာနိုင်ငံရဲတပ်ဖွဲ့၊ နိုင်ငံဖြတ်ကျော်မှုခင်းဌာန၊ ဌာနကြီးမှူး ရဲမှူးချုပ် အောင်ဌေးမြင့်က ပြောပါတယ်။
မြန်မာနိုင်ငံဘက်ကနေ ထွက်ပြေးသွားတဲ့ အကြမ်းဖက်သမား တထောင်ကျော်ရဲ့ စာရင်းကို ဘင်္ဂလားဒေ့ရှ်အစိုးရ ထံ ပေးပို့ထားပြီး အကြမ်းဖက်သမား ၄ဦးကို ဘင်္ဂလားဒေ့ရှ်ဘက်က ပြန်လွဲှပေးထားတယ်လို့လည်း ပြောပါတယ်။
ရခိုင်ပြည်နယ် မောင်တောဒေသမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပွားပြီးနောက် နယ်မြေရှင်းလင်းရေးဆောင် ရွက်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဘက်က ဥပဒေမဲ့ကျူးလွန်တာတွေ မရှိခဲ့ဘူးလို့ တပ်မတော်က မနေ့က သတင်း ထုတ်ပြန်ထားပါတယ်။
သြဂုတ်လ ၂၅ရက်နေ့က ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုမှာ အကြမ်းဖက်သမားအင်အား ၆၀၀၀ ကျော်ကနေ တစ်သောင်းကျော်အထိ ရှိနိုင်ကြောင်း လုံခြုံရေးတပ်ဖွဲ့ဝင်အင်အားထက် သာလွန်နေကြောင်း တပ်မတော်ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။