နှစ် ၅ဝ အတွင်း မြန်မာ့ငွေမည်း တန်ဖိုး ဒေါ်လာဘီလျံ ၂ဝ နီးပါး ရှိခဲ့
2015.09.09
မြန်မာနိုင်ငံမှာ လာဘ်ပေးလာဘ်ယူ အကျင့်ပျက်ခြစားမှု၊ ရာဇဝတ်မှု၊ အခွန်ရှောင်မှု စတာတွေနဲ့ ဆက်နွယ် ပတ်သက်နေပြီး၊ နိုင်ငံ့ံဘဏ္ဍာထဲကို မရောက်ရှိခဲ့ပဲ ဆုံးရှုံးခဲ့ရတဲ့ ငွေမည်းတန်ဖိုးဟာ ပြီးခဲ့တဲ့ နှစ်ငါးဆယ်အတွင်း အမေရိကန်ဒေါ်လာ ၂ဝ ဘီလျံ နီးပါးရှိခဲ့တယ်လို့ သုတေသန အစီရင်ခံစာတစ်စောင်က ဖော်ပြပါတယ်။
ကမ္ဘာတလွှား ငွေမည်းခဝါချမှုတွေကို စောင့်ကြည့်လေ့လာနေတဲ့ အမေရိကန်အခြေစိုက် Global Financial Integrity (GFI) ခေါ် ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာရေး စင်ကြယ်မှုအဖွဲ့က မနေ့က ထုတ်ဖော်ပြောဆိုခဲ့တာ ဖြစ် ပါတယ်။
ဟန်ပြကုန်သွယ်မှုတွေနဲ့ မူးယစ်ဆေးဝါး၊ သစ်၊ ကျောက်မျက်ရတနာနဲ့ တခြားကုန်ပစ္စည်း မှောင်ခိုထုတ်ရောင်းနေ တာတွေဟာ မြန်မာနိုင်ငံအတွက် ကြီးမားတဲ့ ပြဿနာတွေဖြစ်နေပါတယ်။ မြန်မာဟာ ကမ္ဘာမှာ ယိုပေါက်အများ ဆုံးနိုင်ငံတွေမှာ ပါဝင်နေတာမို့၊ အခွန်မရတဲ့ တရားမဝင် လုပ်ငန်းတွေကြောင့် ပြည်သူ့ဘဏ္ဍာငွေတွေ ဆုံးရှုံးနေ ရတဲ့အပြင်၊ တိုင်းပြည်ရဲ့ မြေအောက် စီးပွားရေးလုပ်ငန်းကြီးသာ ကြီးထွားလာနေတယ်လို့ GFI အဖွဲ့က ပြော ပါတယ်။
၁၉၆ဝ ကနေ ၂ဝ၁၃ ခုနှစ်အထိ မြန်မာနိုင်ငံကနေ ပြင်ပကို စီးထွက်သွားခဲ့တဲ့ တရားမဝင် ဘဏ္ဍာငွေ ပမာဏ စုစုပေါင်းဟာ ဒေါ်လာ ၁၈.၇ ဘီလျံ ရှိခဲ့ပြီး၊ တိုင်းပြည်ရဲ့ နှစ်စဉ်ပို့ကုန်တန်ဖိုးရဲ့ ၆.၅ ရာခိုင်နှုန်းရှိတယ်လို့ ဆိုပါတယ်။ အဲ့ဒီကာလအတွင်း တိုင်းပြည်ထဲကို ဝင်လာတဲ့ တရားမဝင် ဘဏ္ဍာငွေ ပမာဏ က ဒေါ်လာ ၇၇.၇ ဘီလျံ ရှိခဲ့ရာမှာ မှောင်ခိုလုပ်ငန်းကနေ အဓိက ရရှိခဲ့တာဖြစ်ပါတယ်။
တိုင်းပြည်က မရရှိ၊ လူထု မခံစားခဲ့ရတဲ့ အဲ့ဒီ စုစုပေါင်းဘဏ္ဍာငွေတွေဟာ နိုင်ငံ့ကျန်းမာရေးအသုံးစရိတ်ရဲ့ ၁၇၂ ရာခိုင်နှုန်း၊ ပညာရေးအသုံးစရိတ်ရဲ့ ၇၃ ရာခိုင်နှုန်း ရှိပါတယ်။
နှစ်ပေါင်း ငါးဆယ်အတွင်း မူးယစ်ဆေးနဲ့ နိုင်ငံ့သဘာဝ သယံဇာတတွေကို မှောင်ခိုထုတ်ရောင်းတာ အပါအဝင် တရားမဝင် ရရှိခဲ့တဲ့ ဘဏ္ဍာငွေပမာဏ စုစုပေါင်းဟာ နိုင်ငံံ့တရားဝင်ရရှိတဲ့ ဘဏ္ဍာငွေရဲ့ ၅၅ ရာခိုင်နှုန်း ရှိခဲ့တာမို့ ကမ္ဘာ့အမြင့်ဆုံးပမာဏထဲမှာ ပါဝင်နေတယ်လို့ GFI အစီရင်ခံစာက ဖော်ပြပါတယ်။
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ လေးနှစ်အတွင်း အခွန်ငွေ ဆုံးရှုံးမှု ၃ဝ ရာနှုန်းနီးပါးရှိခဲ့တာဟာ စိုးရိမ်စရာဖြစ်ကြောင်း၊ ၂ဝ၁၃ ခုနှစ် တစ်နှစ်တည်းမှာတင် တရားမဝင် ငွေကြေးစီးဝင်မှုပမာဏ ဒေါ်လာ ၁ဝ ဘီလျံ ရှိခဲ့ရာမှာ၊ နိုင်ငံ့ အမျိုးသား အသားတင်ထုတ်လုပ်မှု ပမာဏ GDP ရဲ့ ၂ဝ ရာနှုန်းရှိခဲ့ကြောင်းလည်း ဖော်ပြထားပါတယ်။