ကိုဗစ်ကာကွယ်ဆေးဝယ်ဖို့ ပြည်တွင်းပြည်ပ စတင်လှူဒါန်း

ခင်မောင်စိုး
2021.01.06

မြန်မာအစိုးရက ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူဖို့အတွက် အလှူရှင်တွေကို ဖိတ်ခေါ်ခဲ့ပြီးနောက် စီးပွားရေးလုပ်ငန်းရှင်တွေအပါအဝင် ပြည်တွင်းပြည်ပရှိ မြန်မာတွေက စတင်လှူဒါန်းနေပါတယ်။ ပြည်ပနေ မြန်မာတချို့ကလည်း အလှူငွေတွေကို အင်တာနက်ကနေ ကောက်ခံနေပါတယ်။

မြန်မာပြည်သူတွေအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူဖို့ အတွက် ပြည်တွင်းပြည်ပ နေသူတွေအနေနဲ့ မြန်မာ့စီးပွားရေးဘဏ်မှာ ဖွင့်ထားတဲ့ ငွေစာရင်းကို နိုင်ငံခြားသုံးငွေနဲ့ ဖြစ်စေ မြန်မာကျပ်ငွေနဲ့ဖြစ်စေ ပေးပို့လှူဒါန်းနိုင်တယ်လို့ အစိုးရက ဇန်နဝါရီလ ၅ ရက်နေ့မှာကြေညာခဲ့ပြီးနောက် ဧဒင်ကုမ္ပဏီအုပ်စု ဥက္ကဋ္ဌ ဦးချစ်ခိုင်က ချက်ခြင်းဆိုသလို အမေရိကန်ဒေါ်လာ ၁ သန်းခွဲ လှူဒါန်းခဲ့ပါတယ်။ အဲဒီနောက် ဧရာဝတီဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးဇော်ဇော်က ငွေကျပ် သန်း ၂ဝဝဝ နဲ့ Capital Diamond Star Group ကလည်း အမေရိကန်ဒေါ်လာ ၁ သန်းလှူဒါန်းကြောင်း ကြေညာခဲ့ကြပါတယ်။ အလားတူ ပြည်ပရောက် မြန်မာနိုင်ငံသားတွေကလည်း လှူဒါန်းဖို့ စီစဉ်နေကြရမှာ ဗြိတိန်နိုင်ငံ လန်ဒန်မြို့ရှိ မြန်မာတွေက အွန်လိုင်းက စာမျက်နှာတခု ဖွင့်ပြီး အလှူငွေတွေလက်ခံနေပါပြီ။ ကမကထ ပြုလုပ်နေသူတဦးက ကိုမိုးဟိန်း ဖြစ်ပါတယ်။

“ကျနော်တို့ UK ကနေ တခုခုဆိုရင် မြန်မာပြည်မှာ လိုအပ်ချက်ဆိုရင် စုပြီးတော့ အလှူငွေကောက်ခံ Fund raise လုပ်ပြီးတော့ ပို့တာရှိတယ်။ ဒီတခေါက် ကိုဗစ်ကိစ္စနဲ့ ပတ်သက်ပြီးတော့ vaccine ကာကွယ်ဆေး ဝယ်မယ်လို့လည်းကြားတယ်။ ကွန်မြူနတီက အန်ကယ်ကြီးတွေကလည်း ငါတို့ Fund raising လုပ်ကြရအောင် ပြောနေရင်းနဲ့ တက်ကြွသူတွေ အကုန်လုံးခေါ်ပြီး Zoom ကနေ အစည်းအဝေးလုပ်ဖြစ်ကြတယ်။ ဒီစာမျက်နှာက ကျနော်တို့ ဖေဖော်ဝါရီ ၅ ရက်အထိ လုပ်ထားဖို့ စီစဉ်ထားတယ်။ လူတွေက ဒီအချိန်မှာ New Year ပြီးခါစဆိုတော့ တချို့လူတွေအတွက် ငွေကြေးအခက်အခဲ ရှိမယ်။ မနေ့ကညနေ UK အချိန် ၇ နာရီကစပြီး ဒီ page ကို ဖွင့်ဖြစ်တယ်။ အခုဆို ၂၄ နာရီ မပြည့်သေးဘူး လူအယောက် ၂၇ဝ ဆီက ရထားတာ ပေါင် စတာလင် ၂ဝ,၅ဝ၅ ရထားတယ် မြန်မာငွေနဲ့ဆိုရင် ၃၆ သန်းအထိ ရထားပါတယ်ခင်ဗျ”

တိုကျိုမြို့ရှိ ကိုမျိုးကြီးကလည်း ....

“တခုက အွန်လိုင်းက ကောက်တဲ့စနစ်၊ နောက်တခုက မြန်မာတွေရှိတဲ့ မြန်မာကုန်စုံဆိုင်တွေ နောက် ဂျပန်မှာ ရှိတဲ့ မြန်မာအများစုသွားတဲ့ Little Yangon ခေါ်တဲ့ မြန်မာမြို့လေးမှာ အလှူငွေ ကောက်ခံတဲ့ စနစ်ပေါ့။ စတင်ကောက်ခံဖို့ အသွားအလာများတဲ့ လာမယ့်တနင်္ဂနွေနေ့ကို ရွေးချယ်ထားတယ်။ နောက် တခြားဝေးတဲ့ ဒေသတွေကနေ ကျနော်တို့ကို ဆက်သွယ်လာတာရှိတယ်။ သူတို့ဖာသာသူတို့ နီးစပ်ရာ စက်ရုံက အလုပ်သမားတွေ ကောက်ပြီးတော့ စုပြီး ပေးပို့ပေးမယ်ဆိုတဲ့ အကြောင်းပေ့ါနော်။ အများစုက ၂ဝ -၂၅ ရက်နေ့လောက်မှာ လစာထုတ်ရက်ဖြစ်တော့ အဲဒီရက်လောက်မှ ငွေလွှဲပေးကြမယ်လို့ ပြောတယ်။ ဒီနေ့ စကောက်တာ ညနေ ၃ နာရီကနေ ခု ည ၁၂ နာရီပေါ့ ဆက်သွယ်ပြီး လှူဒါန်းလာတဲ့သူက ၃၅ ယောက်ရှိပါပြီ။ မြန်မာငွေနဲ့ ဆိုရင် ၃၇ သိန်းကျော် ရရှိထားပါတယ်။ တိုကျို သံရုံးကနေတဆင့် ကိုဗစ်ကာကွယ်ထိန်းချုပ်ရေး ကုသရေး ဗဟိုကော်မတီကို တိုက်ရိုက် ပေးပို့သွားဖို့ စီစဉ်နေတဲ့အကြောင်း အသိပေးချင်ပါတယ်”

စင်္ကာပူရောက် ကိုအောင်အောင်ကတော့ တယောက်တည်းပဲ တိုက်ရိုက်လှူမယ်လို့ ပြောပါတယ်။

“အစိုးရရဲ့ ဘဏ်အကောင့် CB ဘဏ်ကိုပဲ အိမ်က မိသားစုနဲ့ ပိုက်ဆံလွှဲခိုင်းမယ်။ အရင် ကိုဗစ်အတွက် ဆိုပြီး ဗဟိုထိန်းချုပ်ရေးကို ကျနော်တယောက်တည်း လှူတာ ၅ သိန်းလောက် ရှိသွားပြီ။ အခုလဲ ဆေးအတွက် လှူဦးမယ်”

ရန်ကုန်မြို့ရှိ မြန်မာ့အသံဝန်ထမ်းဟောင်း ဒေါ်သွယ်သွယ်မြင့်ကလည်း သူတို့ သူငယ်ချင်းတွေ အဖွဲ့တခုဖွဲ့ပြီး လှုပ်ရှားနေတယ်လို့ ပြောပါတယ်။

“ကျမတို့ရုံးက အဖွဲ့ထောင်လိုက်တာ မြန်မာ့အသံကလေ။ ကျမတို့လည်း ထည့်ကြတာပေါ့။ အရင်တုန်းကလည်း မြန်မာ့အသံက ကိုဗစ်စဖြစ်ကတည်းက ဆေးရုံကြီးမှာ လိုအပ်ချက်တွေ တော်တော်များတယ်လေ။ အောက်ဆီဂျင်ဗူး လှူတာတို့ ဘာတို့ ဝိုင်းစုပြီး တော်တော်လှူလိုက်ကြတယ်။ အခု ကာကွယ်ဆေးအတွက် ဆိုလည်း လှူကြမယ်လို့ ပြောကြတယ်။ အခုအချိန်က လူတိုင်းဝိုင်းပြီးတော့ လှူရမယ့်အချိန်လေ။ ပြောလိုက်ရင် လှူကြမယ့်သူတွေချည်းပဲ။ ကျနော်တို့လည်း ထပ်လှူဦးမယ်လေ။”

ကိုဗစ်ကာကွယ်ဆေး ဝယ်ယူဖို့ မြန်မာအစိုးရက ရန်ပုံငွေအဖြစ် အမေရိကန်ဒေါ်လာ သန်း ၂၅ဝ နဲ့ မြန်မာကျပ်ငွေ သန်း ၁ဝဝဝ မတည် ထူထောင်ထားပါတယ်။ ဒါ့အပြင် ကာကွယ်ဆေးကို အိန္ဒိယ၊ တရုတ်နိုင်ငံအပြင် အမေရိကန်၊ ဂျာမဏီ နဲ့ ရုရှားနိုင်ငံတွေက ထုတ်တဲ့ဆေးတွေ ကို သံတမန်နည်းလမ်းအရ ရရှိအောင် ကြိုးစားဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။