မြန်မာနိုင်ငံနဲ့ စီးပွားရေးဖြတ်တောက်ဖို့ ဘင်္ဂလားဒေ့ရှ် လူ့အခွင့်ရေးအဖွဲ့ ပြောကြား
2018.08.01

ဘင်္ဂလားဒေ့ရှ် အမျိုးသား လူ့အခွင့်အရေးကော်မရှင် ဥက္ကဌ Kazi Reazul ကာဇိုင်း ရီဇူး က ရိုဟင်ဂျာ ပဋိပက္ခကို ဖြေရှင်းရေးအတွက် နိုင်ငံတကာ အသိုင်းအဝန်းက မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုတွေ ချမှတ်ပြီး စီးပွားရေးအရ ဝိုင်းဝန်း ဖြတ်တောက်ကြဖို့လိုကြောင်း မနေ့က ပြောကြားလိုက်ပါတယ်။ ဒါ့အပြင် နေရပ်စွန့်ခွာ ထွက်ပြေးလာသူတွေကို ပြန်လည်လက်ခံရေးအတွက် မြန်မာအစိုးရကို နိုင်ငံတကာက ပိုမိုဖိအားပေးဖို့လည်း သူက တောင်းဆိုလိုက်ပါတယ်။
တဆက်တည်းမှာပဲ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ပတ်သက်ပြီး တာဝန်ရှိတွေကို စစ်ဆေး အပြစ်ပေးနိုင်ရေးအတွက် ICC နိုင်ငံတကာ ရာဇဝတ်မှု ခုံရုံးကို နိုင်ငံတကာက လိုအပ်သလို ကူညီပံ့ပိုးကြဖို့ လိုကြောင်းလည်း ဘင်္ဂလားဒေ့ရှ် အမျိုးသား လူ့အခွင့်အရေးကော်မရှင် ဥက္ကဌ Kazi Reazul ကာဇိုင်း ရီဇူး က ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး Mahmood Ali မာမွတ် အလီ ဦးဆောင်တဲ့အဖွဲ့ဟာ ရခိုင်ပြည်နယ်ကို အခု သြဂုတ်လအတွင်း သွားရောက်ပြီး ဒုက္ခသည်တွေ နေရပ်ပြန်ဖို့ အသင့်ဖြစ်ပြီလားဆိုတာ လေ့လာမယ်လို့လည်း သိရပါတယ်။