မြန်မာ ၅၉ ဦး တရားမဝင် ဖြတ်ကျော်မှုနဲ့ ထိုင်းမှာ ဖမ်းဆီးခံရ

2021.09.20
မြန်မာ ၅၉ ဦး တရားမဝင် ဖြတ်ကျော်မှုနဲ့ ထိုင်းမှာ ဖမ်းဆီးခံရ ထိုင်းနိုင်ငံတောင်ပိုင်း Sai Yok ခရိုင်မှာ တရားမဝင် ဖြတ်ကျော်လာတဲ့ မြန်မာနိုင်ငံသားများကို ၂၀၂၁ ဇွန် ၇ ရက်‌နေ့က ဖမ်းဆီးတာကို တွေ့ရစဉ်
Photo: AFP

ထိုင်းနိုင်ငံမြောက်ပိုင်း တာခ့်ခရိုင်ထဲကို တရားမဝင် ဝင်လာတဲ့ မြန်မာနိုင်ငံသား ၁၂ ဦးနဲ့ ထိုင်းနိုင်ငံတောင်ပိုင်း Sai Yok ခရိုင်မှာ တရားမဝင် ဖြတ်ကျော်လာတဲ့ မြန်မာနိုင်ငံသား ၄၇ ဦး စုစုပေါင်း ၅၉ ဦးဟာ ဒီကနေ့ တစ်ရက်တည်းမှာပဲ ထိုင်းအာဏာပိုင်တွေရဲ့ ဖမ်းဆီးတာခံခဲ့ရပါတယ်။ 
 
ထိုင်းနယ်စပ် ကန်ချနဘူရီဘက်ကနေ ဝင်လာတဲ့ ၄၇ ဦးကို လမ်းပြလေးဦးနဲ့အတူ ထိုင်းစစ်တပ်နဲ့ ရဲကင်းလှည့် လုံခြုံရေးတပ်ဖွဲ့တွေက ဖမ်းဆီးခဲ့တာဖြစ်ပြီး တာ့ခ်ခရိုင် မဲဆောက်မြို့နယ်ထဲကို သောင်းရင်းမြစ်ကနေ လှေနဲ့ တရားမဝင် ဝင်လာတဲ့ မြန်မာနိုင်ငံသား အမျိုးသား ငါးဦးနဲ့ အမျိုးသမီး ခုနစ်ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီး ခဲ့တယ်လို့ မဲဆောက်မြို့အခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှု ကော်မတီရဲ့ ဥက္ကဋ္ဌဦးမိုးကြိုးက ပြောပါတယ်။ စက်တင်ဘာလ ၁ ရက်နေ့ကနေ ၂၀ ရက်နေ့ထိ ထိုင်းမြန်မာနယ်စပ်ကနေ တရားမဝင် ဝင်လာတဲ့ မြန်မာနိုင်ငံသား ၁၇၀ လောက် ရှိနေပြီလို့ ဦးမိုးကြိုးက ပြောပါတယ်။ တရားမဝင် ဝင်လာတဲ့ မြန်မာနိုင်ငံသားတွေ များလာတာကြောင့် ကိုဗစ်ဥပဒေအရဆိုရင် ထောင်ဒဏ် ၁၀ နှစ်နဲ့ ဘတ်ငွေ လေးသိန်း ပေးဆောင်ရမှာဖြစ်ပေမယ့် အခုနောက်ပိုင်း မြန်မာအလုပ်သမား သံအရာရှိကနေ ညှိနှိုင်းပြီး နေရပ်ပြန်ပို့ တာတွေ ရှိတယ်လို့ဆိုပါတယ်။ 
 
စက်တင်ဘာလ ၁၈ ရက်နေ့ကလည်း မြန်မာနိုင်ငံသား ၁၅၃ ဦးကို မဲဆောက်မြို့က မြန်မာသံအရာရှိ ဦးဝင်းသူက လက်မှတ်ရေးထိုးပြီး နေရပ်ပြန်ဖို့ စီစဉ်ခဲ့တယ်လို့ ဦးမိုးကြိုးက ပြောပါတယ်။ ဒီကနေ့ အဖမ်းခံရတဲ့ သူတွေထဲက အမျိုးသား ၂၈ ဦးနဲ့ အမျိုးသမီး ၁၉ ဦးကို ထားဝယ်နဲ့ ပဲခူးမြို့နယ်က လမ်းပြ အမျိုးသား လေးဦးက ထိုင်းနယ်စပ်ကို ပို့ဆောင်ခဲ့တာဖြစ်ပြီး တစ်ဦးကို အလုပ်ရတဲ့အထိ ထိုင်းဘတ်ငွေ ၁၄,၀၀၀ ကနေ ၂၅,၀၀၀ ဘတ်ထိ ပွဲစားခပေးရမှာဖြစ်တယ်လို့ ဒီကနေ့ထုတ် ဘန်ကောက်ပိုစ့်သတင်းစာမှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။