မဲဆောက်မှာ တရားမဝင် မြန်မာလုပ်သား ၇ဝ ကျော် ဖမ်းဆီးခံရ

2022.02.09
မဲဆောက်မှာ တရားမဝင် မြန်မာလုပ်သား ၇ဝ ကျော် ဖမ်းဆီးခံရ ဖေဖော်ဝါရီလ ၉ ရက်နေ့က မဲဆောက်မြို့ လဝကအချုပ်ခန်းတွင် ဖမ်းဆီးခံထားရသော တရားမဝင် မြန်မာအလုပ်သမားတချို့ကို တွေ့ရစဉ်။
Photo: Citizen Journalist

အခုရက်ပိုင်းတွေအတွင်း ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့နယ်က လုပ်ငန်းခွင်တွေကို ထိုင်းအာဏာပိုင်တွေက ဝင်ရောက်စစ်ဆေးတာတွေ လုပ်နေပြီး တရားမဝင် မြန်မာအလုပ်သမားတွေ ဖမ်းဆီးခံနေရပါတယ်။

ဖေဖော်ဝါရီလ ၉ရက်နေ့မှာ ၄၈ဦး၊ ၈ ရက်နေ့က မြန်မာအလုပ်သမား ၂၈ ဦးနဲ့ ထိုင်းအလုပ်ရှင် လေးဦး ဖမ်းဆီးခံခဲ့ရတယ်လို့ မဲဆောက်မြို့အခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှု ကော်မတီ ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောပါတယ်။

“မဲဆောက်မှာ ရှိတဲ့ အထည်ချုပ်စက်ရုံနှစ်ခုနဲ့ ဆောက်လုပ်ရေးလုပ်ငန်း နှစ်ခု မနေ့က စစ်တယ်။ ဒီနေ့ကျတာ့ မဲဆောက်မှာရှိတဲ့ အထည်ချုပ်စက်ရုံ တစ်ခု၊ ဖေဖော်ဝါရီလ ၈ ရက်နေ့က အလုပ်သမား ၂၈ ယောက်နဲ့ အလုပ်ရှင် လေးယောက် အဖမ်းခံရတယ်။ ဒီနေ့က အလုပ်သမားချည်းပဲ ၄၈ ယောက်။ အလုပ်သမားဝန်ကြီးဌာနက အတိုင်ပင်ခံ ပုဂ္ဂိုလ် Mr Nanthachat ရောက်နေတာကိုး၊ အရပ်ခေါ်တော့ ဘန်ကောက်ရဲ ခေါ်တာပေါ့”

လက်ရှိကိုင်ဆောင်ထားတဲ့ အလုပ်သမားလက်မှတ်တွေနဲ့ အလုပ်လုပ်နေတဲ့ လုပ်ငန်းခွင်တွေ မတူညီမှုတွေကြောင့် တရားမဝင် အလုပ်သမားတွေ ဖြစ်တာတွေ ရှိသလို၊ နယ်စပ်ကနေ တရားမဝင် ဝင်လာသူတွေလည်း အများအပြား ရှိလာတာတွေကြောင့် အခုလို ဖမ်းဆီးအရေးယူတာ ရှိလာတာ ဖြစ်တယ်လို့ မဲဆောက်မြို့အခြေစိုက် ရောင်ခြည်ဦး အလုပ်သမားများအဖွဲ့ရဲ့ ထိုင်းနိုင်ငံဆိုင်ရာ တာဝန်ခံ ဦးမိုးကျော်က ပြောပါတယ်။

အဖမ်းခံထားရတဲ့ မြန်မာအလုပ်သမားတွေဟာ တရားမဝင် ဝင်ရောက်မှု လဝကဥပဒေနဲ့ ခွင့်ပြုချက်မရဘဲ မလုပ်လုပ်ကိုင်မှုတို့နဲ့ အရေးယူခံရမှာ ဖြစ်ပြီး သူတို့ကို မဲဆောက်မြို့ လဝက အချုပ်ခန်းမှာ ဖမ်းဆီးထားပါတယ်။ ထိုင်းအလုပ်ရှင် လေးဦးကိုလည်း တရားမဝင် လုပ်သားခန့်အပ်မှုနဲ့ အရေးယူမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။