မြန်မာ့အရေး အာဆီယံနဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ ထိုင်း ဒုဝန်ကြီးချုပ် ပြော

2024.01.18
မြန်မာ့အရေး အာဆီယံနဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ ထိုင်း ဒုဝန်ကြီးချုပ် ပြော ထိုင်း ဒုဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး Parnpree Bahiddha-Nukara (ရှေ့ဆုံးမှ) အား ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့က တွေ့ရစဉ်။
AFP

မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက် သွားမယ်လို့ ထိုင်း ဒုဝန်ကြီးချုပ်လည်းဖြစ်တဲ့ နိုင်ငံခြားရေးဝန်ကြီး Parnpree Bahiddha-Nukara က ပြောကြားကြောင်း ဘန်ကောက်ပို့စ်သတင်းမှာ ဇန်နဝါရီ ၁၈ ရက် ဒီနေ့ ဖော်ပြပါတယ်။

ဆွစ်ဇာလန်နိုင်ငံမှာ ကျင်းပနေတဲ့ ၅၄ ကြိမ်မြောက် ကမ္ဘာ့စီးပွားရေးဖိုရမ် နှစ်ပတ်လည် အစည်းအဝေးအတွင်း မြန်မာ့အရေး ဆွေးနွေးပွဲတစ်ခုမှာ အခုလို ပြောကြားခဲ့တာလို့ ဆိုပါတယ်။

မြန်မာအရေးနဲ့ပတ်သက်ပြီး ဆွေးနွေးရာမှာ နိုင်ငံတကာအဖွဲ့အစည်းတွေက အဆင့်မြင့် ကိုယ်စားလှယ်တွေလည်း ပါဝင်ခဲ့တယ်လို့ဆိုပေမယ့် အသေးစိတ်ကိုတော့ မဖော်ပြပါဘူး။

နိုင်ငံရေးအရ ငြိမ်းချမ်းစွာဖြေရှင်းရေးအတွက် ဆွေးနွေးညှိနှိုင်းမှုတွေမှာ မြန်မာနိုင်ငံက သက်ဆိုင်ရာအဖွဲ့အစည်း အားလုံးပါဝင်ဖို့ လိုအပ်တဲ့အကြောင်း ထိုင်း ဒုဝန်ကြီးချုပ်က အလေးထားပြောဆိုခဲ့တယ်လို့ ဘန်ကောက်ပို့စ်က ဖော်ပြပါတယ်။

မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းရေးဆောက်ရွက်မှုတွေမှာ တခြားအာဆီယံအဖွဲ့ဝင် နိုင်ငံတွေနဲ့အတူ ထိုင်းနိုင်ငံလည်း တက်ကြွစွာပါဝင်နေပြီး မြန်မာနိုင်ငံကို လူသားချင်း စာနာထောက်ထားမှု အကူအညီတွေပေးဖို့လည်း ကတိပြုထားတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံက အကူအညီလိုအပ်နေသူတွေအတွက် လူသားချင်း စာနာထောက်မှု အကူအညီတွေပေးနိုင်ရေး နည်းလမ်းတွေရှာဖို့ စစ်ကောင်စီကို ထိုင်းအစိုးရက ပြောကြားထားတယ်လို့လည်း ထိုင်း ဒုဝန်ကြီးချုပ်က ပြောကြားခဲ့ကြောင်း ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။

၅၄ ကြိမ်မြောက် ကမ္ဘာ့စီးပွားရေးဖိုရမ်ကို ဆွစ်ဇာလန်နိုင်ငံ ဒါဗို့စ်မြို့မှာ ဇန်နဝါရီ ၁၅ ရက်နေ့က ၁၉ ရက်နေ့အထိ ငါးရက်ကြာ ကျင်းပသွားမှာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။