ရွှေ့ပြောင်းအလုပ်သမားနေ့ အထိမ်းအမှတ် မဲဆောက်မြို့မှာ ချီတက်လှုပ်ရှား
2013.12.18

ဒီကနေ့ကျရောက်တဲ့ အပြည်ပြည် ဆိုင်ရာ ရွှေ့ပြောင်းနေထိုင်သူများနေ့ အထိမ်းအမှတ် အဖြစ် လမ်းလျှောက်ချီတက်ပွဲနဲ့ အခမ်းအနားတွေကို ထိုင်း-မြန်မာနယ်စပ် မဲဆောက်ဒေသ မှာ မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး လုပ်ဆောင်ပေးနေတဲ့ ရွှေ့ပြောင်းအလုပ်သမားများ အခွင့်အရေး ပံ့ပိုးမှုကွန်ရက်အဖွဲ့က ဦးဆောင်ပြီး ဒီကနေ့မနက်ပိုင်းမှာ ကျင်းပခဲ့ပါတယ်။
ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားတွေဟာ ထိုင်းအလုပ်သမား ဥပဒေအတိုင်း အလုပ်သမားအခွင့်အရေး အပြည့်အဝမရရှိတဲ့ အခြေအနေနဲ့ အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံရမှု အခြေအနေတွေက ကာကွယ်စောင့်ရှောက်ပေးဖို့ တောင်းဆိုချက်တွေ ပါဝင်တဲ့ အိတ်ဖွင့်ပေးစာတစ်စောင် ကို မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ ကိုယ်စား ရွှေ့ပြောင်းအလုပ်သမားများ အခွင့်အရေး ပံ့ပိုးမှုကွန်ရက်အဖွဲရဲ့ တာဝန်ရှိသူတွေက မဲဆောက်မြို့နယ် အုပ်ချုပ်ရေးမှူးကို ပေးအပ်ခဲ့ပါတယ်။
မဲဆောက်မြို့နယ် အုပ်ချုပ်ရေးမှူးကလည်း ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးတွေနဲ့ ပတ်သက်လို့ တစ်ရက်လုပ်အားခ ဘတ် ၃၀၀ မရတဲ့ ကိစ္စတွေအပါအဝင် ကျန်းမာရေးအာမခံကို ဈေးကြီးပေးဝယ်ယူရတဲ့ အခက်အခဲတွေကိုပါ ဖြေရှင်းနိုင်အောင် ဆောင်ရွက်ပေးသွားမယ်လို့ အခုလို ပြောပါတယ်။
“ဒီစာကို ခရိုင်ကနေ ထိုင်းအလုပ်သမားဝန်ကြီးဌာနအထိ အဆင့်ဆင် တင်ပြပေးသွားမှာပါ၊ မြန်မာ အလုပ်သမားတွေ အခွင့်အရေးတွေ ပိုမိုရရှိလာဖို့ ကိုယ်တိုင်လည်း ပူးပေါင်းဆောင်ရွက်ပေးသွားပါ့မယ်”
မဲဆောက်ဒေသက အလုပ်ရုံစက်ရုံတွေမှာ အလုပ်လုပ်နေရတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား အများစုဟာ တစ်နေ့အလုပ်ချိန် အနည်းဆုံး ၁၃ နာရီလောက် အလုပ်လုပ်ကြရပြီး ထိုင်းအလုပ်သမားဝန်ကြီးဌာနက သတ်မှတ်ထားသလို တစ်နေ့ အနိမ့်ဆုံးလုပ်အားခ ဘတ်ငွေ ၃၀၀ မရရှိကြဘူးလို့ သိရပါတယ်။
အချိန်ပိုကြေးအပါအဝင် ထိုင်းဘတ်ငွေ ၁၂၀ ကနေ အမြင့်ဆုံး ၁၅၀ သာရရှိနေကြပြီး၊ အဲဒီလုပ်အားခကိုလည်း သတ်မှတ်တဲ့ရက်မှာ အလုပ်သမားတွေကို ထုတ်မပေးတဲ့အတွက် လုပ်ငန်းရှင်တွေနဲ့ အလုပ်သမားတွေ မကြာခဏ ပြဿနာပေါ်ပေါက်နေတယ်လို့ မြန်မာရွှေ့ပြောင်းအလုပ်သမားတစ်ဦးက ပြောပါတယ်။
“သက်မှတ်ထားတဲ့ ဒီ ၃၀၀ ဆိုတဲ့လုပ်အားခက မရတဲ့အပြင်ကို တစ်ထည်ပြီးရင် တစ်ထည်စာရမယ် နှစ်ထည်ပြီးရင် နှစ်ထည်ရမယ်ဆိုတဲ့စနစ်နဲ့ သူက တဖက်လှည့်နဲ့လုပ်ထားတယ်၊ အထည်ဈေးနှုန်းက အရမ်းနည်းလွန်းပါတယ်။ တစ်ထည်မှ သဘောက ငါးဘတ်တန် ခြောက်ဘတ်တန် ချုပ်ရတဲ့အပြင်ကို ဘယ်လိုဖြစ်လဲဆိုတဲ့အခါကျတော့ သူက သတ်မှတ်ထားတဲ့ရက်မှာ လုံး၀ ပိုက်ဆံထုတ်မပေးပါဘူး။ အဲလိုရုံတွေ တော်တော်များလာပါပြီ၊ ဒီမဲဆောက်မှာ။ အဲလိုကြောင့်လည်း ကျနော်တို့ စက်ရုံကနေပြီးတော့ နှစ်လလောက် လုပ်အားခမရတဲ့အတွက် သူတို့ကို အမျိုးမျိုးမေတ္တာရပ်ခံတောင်းပန်ပြီးတော့ တောင်းကြည့်တယ်။ ကျနော်တို့မယ် စားဖို့သောက်ဖို့တောင် မလုံလောက်တော့ဘူး။ ကျနော်တို့ အလုပ်သမားတွေမှာ ဘယ်လိုမှ ပြောမရတဲ့အတွက် အုပ်စုလိုက်ထွက်လာပြီး စဝါတီကန်ရုံးမှာ အခု တရားစွဲထားရပါတယ်”
ဒီကနေ့ ချီတက်လမ်းလျှောက်ပွဲကို မြန်မာရွှေ့ပြောင်းအလုပ်သမား ၃၀၀ ကျော် ပါဝင်ဆင်နွှဲခဲ့ကြတယ်လို့ သိရပါတယ်။