လုပ်ခမပေးတဲ့ တရုတ်လုပ်ငန်းရှင်ကို ထိုင်းရောက် မြန်မာအလုပ်သမား ရာနဲ့ချီ ဆန္ဒပြ
2024.08.17

ထိုင်းနိုင်ငံအလယ်ပိုင်း ပရာကျင်ဘူရီပြည်နယ်က စက်မှုဇုန်အတွင်းမှာရှိတဲ့ တရုတ်နိုင်ငံသားပိုင် ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှာ အလုပ်ရှင်က မြန်မာအလုပ်သမားတွေကို နှစ်လစာ လုပ်အားခ မပေးလို့ဆိုပြီး အလုပ်သမား ၇ဝဝ ဝန်းကျင်က လုပ်ငန်းခွင်ကို ပိတ်ဆို့ဆန္ဒပြနေကြပါတယ်။
တရုတ်လုပ်ငန်းရှင်က မြန်မာအလုပ်သမား ၇ဝဝ ကို နှစ်လစာ လုပ်ခ ဘတ် ၁ဝ သန်း ပေးစရာရှိနေတာကို မပေးတဲ့အတွက် အလုပ်သမားတွေက ဩဂုတ် ၁၆ ရက်နေ့ကညက စပြီး သပိတ်စခန်းဖွင့် ဆန္ဒပြနေတာလို့ အလုပ်သမားအရေးကူညီနေတဲ့ မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက RFA ကို ပြောပါတယ်။
"တရုတ်လုပ်ငန်းရှင်က လုပ်ခလစာ နှစ်လစာ မပေးတာ၊ မြန်မာလုပ်သား ၇ဝဝ ကို ပေးစရာက ဘတ် ၁ဝ သန်းလောက်ရှိတယ် အဲဒါကို ဒေသဆိုင်ရာအာဏာပိုင်တွေက အလုပ်ရှင်၊ အလုပ်သမား ပြေလည်ဖို့ ဆွေးနွေးစေတဲ့အခါမှာ တရုတ်လုပ်ငန်းရှင်က တစ်ဦးကို ဘတ် ၅ဝဝ ပေးမယ်လို့ဆိုတော့ လုပ်ခလစာ သဘောမျိုးမဟုတ်ဘဲ မုန့်ဖိုးသဘောမျိုးဖြစ်နေတယ်။ အလုပ်သမားတွေက အဲဒါကို လက်မခံဘူး သူတို့လုပ်အားခ နှစ်လစာ ပေးပါဆိုပြီး တောင်းဆိုနေတာ"
ဆန္ဒပြအလုပ်သမားတွေက ဆောက်လုပ်ရေးလုပ်ငန်းခွင် အဝင်အထွက်လမ်းတွေကို ပိတ်ဆို့ထားပြီး အဲဒီမှာရှိတဲ့ တရုတ်နိုင်ငံသား အလုပ်ရှင်၊ ကြီးကြပ်ရေးမှူးတွေအားလုံးကို ထွက်ခွင့်မပေးတော့ဘူးလို့လည်း ဦးမိုးကြိုးက ပြောပါတယ်။
ဆန္ဒပြအလုပ်သမားတွေနဲ့ တရုတ်လုပ်ငန်းရှင်ကိုတော့ RFA က တိုက်ရိုက် ဆက်သွယ်လို့မရသေးပါဘူး။ အလုပ်ရှင်၊ အလုပ်သမားကြားကို ထိုင်းအာဏာပိုင်တွေက ကြားဝင်ညှိနှိုင်းနေပေမဲ့ ဩဂုတ် ၁၇ ရက်ညအထိ မပြေလည်သေးပါဘူး။
အလုပ်သမားတွေက လုပ်အားခ နှစ်လစာ မရလို့ စားဝတ်နေရေးခက်ခဲနေကြတဲ့အတွက် ဒီကိစ္စမှာ ထိုင်းအာဏာပိုင်တွေဘက်က တရားမျှတတဲ့ ဆုံးဖြတ်ချက် အမြန်ဆုံး ချမှတ်ပေးဖို့ လိုအပ်နေပြီး အချိန်ကြာလာတာနဲ့အမျှ မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်လာနိုင်တယ်လို့ ဦးမိုးကြိုးက ပြောပါတယ်။