ချင်းမိုင်ညစျေးပိတ်လို့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အခက်ကြုံ

လုဆိုင်း
2020.07.29

ကမ္ဘာလှည့်ခရီးသည်တွေနဲ့ အမြဲစည်ကားနေတတ်တဲ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့က Night Bazzar လို့ခေါ်တဲ့ ညဈေးတန်းဟာ ကိုဗစ်-၁၉ ရောဂါကြောင့် ပိတ်ထားခဲ့တာ ၄ လကျော်ကြာခဲ့တာ သြဂုတ်လ ၁ ရက်နေ့မှာ ပြန်ဖွင့်ဖို့ ဒေသဆိုင်ရာ ထိုင်းအာဏာပိုင်တွေက စီစဉ်နေကြပါပြီ။ ဒီညဈေးမှာ မြန်မာနိုင်ငံသားတွေ ရာနဲ့ချီပြီး အလုပ်လုပ်နေတာပါ။

ဇင်းမယ်လို့ ခေါ်တဲ့ ထိုင်းနိုင်ငံမြောက်ပိုင်းက ရှေးဟောင်းမြို့တော် ချင်းမိုင်မြို့မှာ Night Bazzar လို့ လူသိများတဲ့ ညဈေးကို ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ၄ လ ကျော်ကြာ ပိတ်ထားခဲ့တာ သြဂုတ်လ ၁ ရက်နေ့မှာ ပြန်ဖွင့်တော့ ဖြစ်လို့ စီးပွားရေးလုပ်ငန်းတွေ ပြန်စတင်ဖို့ ပြင်ဆင်နေကြပါပြီ။

မတ်လကုန်ပိုင်းကစပြီး ညဈေးပိတ်ထားခဲ့လို့ စီးပွားရေးအရထိခိုက်ခဲ့အထဲမှာ မြန်မာအလုပ်သမားတွေလည်းပါပါတယ်။ ဒီလိုထိခိုက်တဲ့အထဲမှာ ညဈေးမှာ လုပ်နေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေလည်း ထိခိုက်နစ်နာမှုတွေ အများအပြား ရှိနေပါတယ်။

ဦးရာဂျန်းဟာ ညစျေးမှာ ၁၅ နှစ်လောက် ဆိုင်ခန်းငှားပြီး ဈေးရောင်းနေသူ တဦးပါ။ ချင်းမိုင်မြို့က ညစျေးမှာ မြန်မာအလုပ်သမားက ငါးရာပတ်ဝန်းကျင်လောက်လုပ်ကိုင်နေတာမို့ စျေးပိတ်လိုက်တာကြောင့် သူတို့အားလုံး အလုပ်လက်မဲ့ဖြစ်သွားခဲ့ရပါတယ်။ မကြာခင်မှာ ညစျေးကိုပြန်ဖွင့်တော့မယ်ဆိုပေမဲ့လည်း အဓိကဖောက်သည်တွေဖြစ်တဲ့ ကမ္ဘာ့လှည့် ခရီးသည်တွေ မရှိသေးတာကြောင့် အခြေအနေကောင်းဖို့ မျှော်လင့်ချက်မရှိသေးဘူးလို့ ဦးရာဂျန်းကဆိုပါတယ်။

ဒီဈေးကြီးမှာဘဲ ၁၅ နှစ်လောက် မြန်မာအစားအစာတွေ လိုက်ရောင်းပြီး ရပ်တည်နေတဲ့ ဒေါ်လှလှကလည်း အခုဆိုရင် ထမင်းဟင်းမချက်ရောင်းမဲ့ နေရာမရှိတော့လို့ ပန်းရံအလုပ်ကို ပြောင်းလုပ်နေရပါတယ်။ တချို့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေဆိုရင် လူမှုကူညီရေးအလှူရှင်တွေကနေ ဆန်၊ ဆီ၊ ငါးသေတ္တာတွေ လှူဒါန်းတာတွေနဲ့ စားသောက်ပြီး နေထိုင်နေရပေမဲ့ အိမ်ခန်းခ မပေးနိုင်လို့ ခရစ်ယာန် ဘုရားကျောင်းတွေကနေ ထောက်ပံ့ပေးတာလည်းရှိပါတယ်။

ချင်းမိုင် ညဈေးမှာ ဆိုင်ခန်းငှားပြီး ဈေးရောင်းသူတွေရှိသလို ဈေးထဲမှာ အလုပ်လုပ်ကိုင်နေသူတွေထဲမှာတော့ ဗမာ၊ ကချင်၊ ကရင်၊ ရှမ်း၊ လားဟူ၊ ရခိုင်၊ ချင်း၊ ဂေါ်ရခါး စတဲ့ မြန်မာနိုင်ငံသားတွေ အများအပြားလုပ်ကိုင်နေကြပါတယ်။

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ပိတ်လိုက်ရလို့ ရပ်တည်မှု ခက်ခဲနေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား တချို့လည်း မြန်မာပြည်ပြန်သွားကြပါပြီ။ ညဈေး ပြန်ဖွင့်မယ်ဆိုရင်လည်း မျော်လင့်ချက်ကင်းမဲ့နေလို့ ဈေးပြန်မရောင်းသေးဘူးလို့  ဆယ်နှစ်ကျော် ညစျေးမှာ ဆိုင်ခန်းငှားပြီးရောင်းနေတဲ့ ကချင်အမျိုးသမီး အမိုင်က ပြောပါတယ်။

အခုအချိန်မှာ ကမ္ဘာလှည့်ခရီးသည်တွေ လမ်းလျှောက်ဈေးဝယ်ကြတဲ့ ချင်းမိုင်မြို့က ညဈေးပြန်ဖွင့်တော့မှာဖြစ်လို့ အလုပ်လက်မဲ့ပြဿနာ ပြေလည်လာနိိုင်မယ်လို့ ယူဆရပေမဲ့ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ခရီးသွားဧည့်သည်တွေ လာရောက်မှု နည်းနေသေးတာကြောင့် မျှော်လင့်ချက် အပြည့်အဝတော့ မရှိသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။