တန့်ဆည် ခရုတောရွာက နေအိမ်တွေ မီးရှို့ခံရ

2022.02.11
တန့်ဆည် ခရုတောရွာက နေအိမ်တွေ မီးရှို့ခံရ တန့်ဆည်မြို့နယ် ခရုတောရွာက နေအိမ်တွေ မီးရှို့ခံရတာကို၂၀၂၂ ဖေဖော်ဝါရီ ၁၀ ရက်က တွေ့ရစဥ်
Photo: Taze News
စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် ခရုတောရွာကို စစ်ကောင်စီတပ်သားတွေ ရောက်ရှိလာ ပြီးနောက် ဖေဖော်ဝါရီလ ၉ ရက်ကနေ ၁၀ ရက်နေ့အထိ နှစ်ရက်အတွင်း အိမ် ၁၀ လုံးထက် မနည်း မီးရှို့ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
ဒီနေ့လည်း အိမ်တွေ မီးရှို့ခံရတာတွေဆက်ရှိနေတယ်လို့ လုံခြုံရေးအရအမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
 
"မနေ့မနက်က စစ်ကြောင်းထိုးလာတော့ ရွာကထွက်ပြေးကြတယ်။ မနေ့က တစ်နေ့ မီးရှို့တယ်။ ဒီနေ့မနက်ပိုင်း ထပ်ရှို့တယ်။ သူတို့လာရင်ကို မီးရှို့ခံရတော့မှာကြောက်ပြီး ထွက်ပြေးနေကြရတာ။ မဆိုင်တဲ့ပြည်သူတွေကို ပတ်ရမ်းတာပေါ့။ ဒလန်တွေက ပုဂ္ဂိုလ်ရေး မုန်းတီးချက်တွေနဲ့ သတင်းပေးတာတွေကို ဘာမှမလုပ်တဲ့ ပြည်သူတွေ အိမ်တွေပါ မီးရှို့ခံနေရတာ"
 
ခရုတောရွာကို လက်နက်ကြီးနဲ့ ပစ်ခတ်ဝင်ရောက်စဉ် ရွာထိပ်က အိမ်တစ်လုံးပေါ်ကို လက်နက်ကြီးကျရောက်ခဲ့တာကြောင့် ကလေးတစ်ဦး အပါအဝင် ဒေသခံနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့လည်း နောက်ထပ်ဒေသခံတစ်ဦးက ပြောပါတယ်။
 
နေ့လယ်ပိုင်းမှာတော့ စစ်ကောင်စီတပ်သားတွေ လိပ်ခြံရွာဘက်ကို ထွက်သွားကြတယ်လို့ ဆိုပါတယ်။
 
တန့်ဆည်မြို့နယ်က ကျေးရွာတွေမှာ အခုလဆန်းပိုင်းကစလို့ စစ်တပ်က လှုပ်ရှားသွားလာ တွေရှိနေပြီး ၁၀ ရက်အတွင်း ကျေးရွာအချို့မှာ မီးရှို့ခံရတဲ့ အိမ် ၅၀ ခန့်ရှိတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
 
စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်း ကတော့ အရပ်သားတွေရဲ့ နေအိမ်တွေကို မီးရှို့တာဟာ သူတို့လက်ချက်မဟုတ်ဘူးလို့ ယခင်က ငြင်းဆိုထားပါတယ်။ ဒါပေမဲ့ ခရုတော ရွာက နေအိမ်တွေ မီးရှို့ခံရတဲ့ဖြစ်စဉ်နဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်တာ မတွေ့ရသေးပါဘူး။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။