စစ်မှုထမ်းဥပဒေကြောင့် တိမ်းရှောင်တဲ့ မြန်မာ ၁၁ ဦး ထိုင်းမှာ အဖမ်းခံရ
2024.05.24

စစ်မှုထမ်းဥပဒေကို ရှောင်ရှားဖို့အတွက် ထိုင်းနိုင်ငံကတစ်ဆင့် မလေးရှားနိုင်ငံကို တရားမဝင် သွားရောက် အလုပ်လုပ်ကိုင်ဖို့ ကြိုးစားတဲ့ မြန်မာနိုင်ငံသား ၁၁ ဦးကို မေလ ၂၂ ရက်နေ့က ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးမိခဲ့တယ်လို့ ထိုင်းသတင်းဌာန Thai Enquirer က ဖော်ပြပါတယ်။
ထိုင်းနိုင်ငံတောင်ပိုင်း ပက်ဌာနီပြည်နယ်ထဲက စစ်ဆေးရေးဂိတ်တစ်ခုကို ပစ်ကပ်ကားငါးစီး ဖြတ်သန်းခဲ့ပြီးနောက် သတင်းအရ ထိုင်းအစိုးရအာဏာပိုင်တွေက လိုက်လံဖမ်းဆီးရာ ပစ်ကပ်ကားနှစ်စီးကို ဟန့်တားနိုင်ခဲ့ပြီး မြန်မာနိုင်ငံသား အမျိုးသား ကိုးဦးနဲ့ အမျိုးသမီး နှစ်ဦးတို့ကို ဖမ်းဆီးမိခဲ့တာလို့ ဆိုပါတယ်။
မြန်မာနိုင်ငံက ထိုင်းနိုင်ငံကိုဖြတ်ပြီး မလေးရှားနိုင်ငံကို ရောက်ရှိဖို့အတွက် လူကုန်ကူးသူတွေကို တစ်ဦး ထိုင်းဘတ်ငွေ သုံးသောင်းခွဲဝန်းကျင်ပေးရကြောင်း ဖမ်းဆီးမိတဲ့ မြန်မာနိုင်ငံသားတွေကပြောတယ်လို့ Thai Enquirer က ဖော်ပြပါတယ်။
ဖမ်းဆီးခဲ့တဲ့ ကားသမားနှစ်ဦးကတော့ ပက်ဌာနီပြည်နယ်က ထိုင်းနိုင်ငံသားတွေဖြစ်ပြီး အခုလို လူကုန်ကူးတဲ့ လမ်းကြောင်းတစ်ကြောင်းအတွက် ဘတ်ငါးထောင် ရရှိတယ်လို့ ဆိုပါတယ်။
ထိုင်းရဲတွေဟာ လိုက်လံဖမ်းဆီးရာမှာ လွတ်မြောက်သွားတဲ့ ပစ်ကပ်ကားသုံးစီးရဲ့ ပိုင်ရှင်တွေကို ဆက်လက်ရှာဖွေနေတယ်လို့ ဖော်ပြပါတယ်။
မေလ ၁၃ ရက်နေ့ကလည်း ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ အထောက်အထားမဲ့နေထိုင်တဲ့ မြန်မာနိုင်ငံသား ၂၇ ဦးကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။
ထိုင်းနိုင်ငံထဲကို တရားမဝင် ဝင်ရောက်လာသူတွေဟာ လဝက ဥပဒေအရ ၄၅ ရက်ကနေ ရက် ၉၀ အထိ ထောင်ဒဏ်ကျခံရနိုင်ပြီး လူအစုလိုက် အဖမ်းခံရမယ်ဆိုရင်တော့ လူကုန်ကူးမှုနဲ့ပါ ထောင် လေးလ ကနေ တစ်နှစ်အထိ ချမှတ်ခံရနိုင်တယ်လို့ ထိုင်းအလုပ်သမားအရေး လှုပ်ရှားသူတွေက ပြောပါတယ်။