မြန်မာစစ်တပ်အရေးယူရေး ကန် လွှတ်တော်ကော်မတီ ဥက္ကဋ္ဌ ကြိုဆို


2018.05.25
minaunghlaing-army-parade-622.jpg ၇၂ ကြိမ်မြောက် တပ်မတော်နေ့မှာ ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင် ကို တွေ့ရစဉ်
Photo: RFA

အမေရိကန် အောက်လွှတ်တော် ကိုယ်စားလှယ်တွေက မြန်မာ့တပ်မတော်အပေါ် အရေးယူရေးအတွက် အမျိုးသား ကာကွယ်ရေးဆိုင်ရာ ခွင့်ပြုမှုဥပဒေ (NDAA) မှာ တိုးချဲ့ပြဌာန်းချက်တွေထည့်သွင်းဖို့ အင်္ဂါနေ့က မဲခွဲဆုံးဖြတ်ခဲ့တာနဲ့ စပ်လျှဉ်းပြီး အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီ ဥက္ကဋ္ဌ Ed Royce အက်ဒ်ရိုက်စ် က ကြေညာချက် တစ်စောင် မနေ့က ထုတ်ပြန်ကြိုဆိုလိုက်ပါတယ်။

အောက်လွှတ်တော်က သဘောတူလိုက်တဲ့ အဲဒီ ၂ဝ၁၉ ဘဏ္ဏာရေးနှစ်အတွက်ခွင့်ပြုမယ့် NDAA ကာကွယ်ရေး ဥပဒေပြင်ဆင်ချက်မှာ မြန်မာစစ်တပ်အရာရှိတွေအပေါ် ပိတ်ဆို့အရေးယူမှုအသစ်တွေပါဝင်သလို အမေရိကန် စစ်တပ်နဲ့ ပူးတွဲလေ့ကျင့်မှုတွေမှာ မြန်မာတပ်ဖွဲ့တွေ ပါဝင်ရေးကို ပိတ်ပင်ထားကြောင်း၊ မြန်မာလုံခြုံရေး တပ်ဖွဲ့တွေ ဟာ ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာလူနည်းစုတွေကို ချေမှုန်းခဲ့ကြောင်း၊ ရွာတွေမီးရှို့ခံရပြီး လူတွေ ထောင်နဲ့ချီ သတ်ဖြတ်ခံရသလို လူ ၇ သိန်းကျော် ထွက်ပြေးခဲ့ရကြောင်း၊ ဒါကြောင့် အခုလို မြန်မာ့တပ်မတော်နဲ့ သက်ဆိုင်ရာ အရာရှိတွေအပေါ် အရေးယူအပြစ်ပေးဖို့ အောက်လွှတ်တော်က ဆုံးဖြတ်နိုင်ခဲ့ခြင်းအတွက် ကျေနပ်အား ရမိကြောင်း စသဖြင့် အက်ဒ်ရိုက်စ်ရဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

အောက်လွှတ်တော်အမတ် Eliot Engel အယ်လီယော့ အန်ဂယ်လ် တင်သွင်းတဲ့အဲဒီ ဥပဒေပြင်ဆင်ချက်ကို အောက်လွှတ်တော်က ထောက်ခံမဲ ၃၈၂ မဲ ကန့်ကွက်မဲ ၃ဝ နဲ့ အင်္ဂါနေ့မှာ အတည်ပြုခဲ့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။