စစ်ရေးလှုပ်ရှားမှုတွေ တစ်လရပ်မယ်လို့ စစ်ကောင်စီကြေညာ
မြန်မာနိုင်ငံတဝန်းလုံးမှာ တပ်မတော်ရဲ့ စစ်ရေး လှုပ်ရှားမှုတွေ အားလုံးကို ဧပြီလ ၁ ရက်နေ့ကနေ ၃၀ ရက်နေ့အထိ တစ်လတိတိ ရပ်ဆိုင်းမယ်လို့ စစ်ကောင်စီရဲ့ ကာကွယ်ရေးဦးစီးချုပ်ရုံးက ဒီကနေ့ ကြေညာပါတယ်။
"နိုင်ငံတော်ကာကွယ်ရေးနဲ့ အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်တွေအပြင်၊ အစိုးရရဲ့ လုံခြုံရေးနဲ့ အုပ်ချုပ်ရေး ယန္တရားတွေကို နှောင့်ယှက်ထိပါး တိုက်ခိုက်ချိန်မှအပ" ကျန်တဲ့အချိန်တွေမှာ စစ်ရေးတွေ ရပ်ထားမယ်လို့ ဆိုပါတယ်။
စစ်အာဏာသိမ်းပြီးနောက် ကရင်ပြည်နယ်၊ ကချင်ပြည်နယ်နဲ့၊ ရှမ်းပြည်နယ်ဘက်မှာ တိုက်ပွဲတွေ ပြင်းထန်လာချိန်မှာပဲ ဒီကြေညာချက်ထွက်ပေါ်လာတာဖြစ်ပါတယ်။
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) ရေးထိုးထားတဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) နဲ့ မြန်မာစစ်တပ်တို့ကြား ခုရက်ပိုင်း တိုက်ပွဲတွေပြန်ဖြစ်နေပါတယ်။
လက်နက်မဲ့ ပြည်သူလူထုကို အကာအကွယ်ပေးနိုင်ဖို့ မြန်မာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ခုခံတုန့်ပြန်မှုတွေ အရှိန်အဟုန်မြင့် လုပ်ဆောင်သွားမယ်လို့ ကရင်လွတ်မြောက်ရေး တပ်မတော် KNU/KNLA တပ်မဟာ ၅ က ကြေညာထားပါတယ်။
ကရင်ပြည်နယ်ထဲက KNU ထိန်းချုပ် နယ်မြေထဲကို မြန်မာစစ်တပ်ဘက်က လေယာဉ်တွေသုံးပြီး ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဒေသခံအရပ်သား အနည်းဆုံး ၁၃ ယောက်သေဆုံးရပြီး ထောင်နဲ့ချီတဲ့ ဒေသခံတွေ ထိုင်းနိုင်ငံဘက် ထွက်ပြေးနေရတယ်လို့ Free Burma Rangers အဖွဲ့ကပြောပါတယ်။
အလားတူ ကချင်ပြည်နယ်မှာလည်း ကချင်လွတ်မြောက်ရေး တပ်မတော် KIA ထိန်းချုပ်နယ်မြေထဲမှာ မြန်မာစစ်တပ်နဲ့ KIA ကြား စစ်ရေးတင်းမာမှုတွေရှိနေတယ်လို့ KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက RFA ကိုပြောပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ တွေဖြစ်တဲ့ MNDAA ၊ TNLA နဲ့ AA ညီနောင်မဟာမိတ် သုံးဖွဲ့ကတော့ ၂၀၁၉ ခုနှစ် စက်တင်ဘာလကနေ ထုတ်ပြန်လာခဲ့တဲ့ တစ်ဖက်သတ် အပစ်အခတ်ရပ်စဲရေးကို ဆက်လက် ထုတ်ပြန်သင့်၊ မသင့်ကို စဉ်းစားနေဆဲဖြစ်တယ်လို့ ကြေညာချက်ထုတ်ပြန်ထားပါတယ်။