မြန်မာ့ငြိမ်းချမ်းရေးပွဲတော် အကြောင်း သတင်းစာရှင်းလင်းပွဲ ပြုလုပ်


2013.07.19

မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး အမြန်ဆုံးရရှိဖို့ရည်ရွယ်ချက်နဲ့ အနုပညာရှင်တွေစုပေါင်းပြီး  ငြိမ်းချမ်းရေးပွဲတော်တစ်ရပ် ကျင်းပကြမယ်လို့သိရပါတယ်။

မြန်မာ့ငြိမ်းချမ်းရေးပွဲတော် ၂၀၁၃ ဆိုတဲ့အမည်နဲ့ လာမယ့်ဇူလိုင်လ ၂၇ နဲ့ ၂၈ ရက်နေ့ သုဝဏ္ဏအားကစားကွင်းမှာ ကျင်းပမယ်လို့ ပွဲတော်ဖြစ်မြောက်ရေးဦးဆောင်သူ ဦးဇာဂနာက ရန်ကုန်မြို့ Central Hotel မှာ  မနေ့ကကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

တိုင်းပြည်မှာ အဖက်ဖက်က ဖွံ့ဖြိုးတိုးတက်မှုနောက်ကျခဲ့တာဟာ ငြိမ်းချမ်းရေးမရရှိသေးတာကြောင့်ဖြစ်တယ်ဆိုတာ ပြည်သူတွေအားလုံးသိရှိစေဖို့အတွက် ရည်ရွယ်ကျင်းပရတာဖြစ်တယ်လို့  ဦးဇာဂနာက ပြောပါတယ်။

"ငြိမ်းချမ်းရေးမရခဲ့တော့ ဘယ်နေရာမှာမှ တိုးတက်ဖို့မရဘူး၊ အဲဒါကြောင့် ငြိမ်းချမ်းရေးဆိုတာ အရေးကြီးဆုံးဆိုတာကို တစ်သံတည်းထွက်ချင်တော့ ငြိမ်းချမ်းရေးပွဲတော်ဟာ အရေးကြီးဆုံးနေရာမှာ ပါလာတယ်ဆိုပြီး ယုံကြည်လို့ ကျွန်တော်တို့ အဲဒီဟာလုပ်တာ"


အနုပညာရှင်တွေ စုပေါင်းကျင်းပတဲ့ ငြိမ်းချမ်းရေးပွဲတော်ရဲ့ အခန်းကဏ္ဍဟာ ပြည်တွင်းငြိမ်းချမ်းရေးဆောင်ရွက်ရာမှာ အထူးပင်အရေးကြီးတဲ့ခြေလှမ်းဖြစ်တယ်လို့ မြန်မာငြိမ်းချမ်းရေးစင်တာက ဦးအောင်နိုင်ဦးက ပြောပါတယ်။

"အနုပညာရှင်တွေ သူတို့ရဲ့ အနုပညာစွမ်းရည်နဲ့ ကျွန်တော်တို့နိုင်ငံမှာ ငြိမ်းချမ်းရေး ဘယ်လောက်ဆိုတာကို ပြောပြမှာဖြစ်ပါတယ်။သူတို့ရဲ့စွမ်းအင် သူတို့ရဲ့ခြေလှမ်းက ငြိမ်းချမ်းရေးအတွက် အထူးကိုအရေးကြီးတဲ့ ခြေလှမ်းဖြစ်တယ်လို့ ပြောချင်ပါတယ်"


ရန်ကုန်မြို့ သုဝဏ္ဏ မိုးလုံလေလုံ အားကစားရုံမှာကျင်းပမယ့် မြန်မာ့ငြိမ်းချမ်းရေးပွဲတော်ကို တက်ရောက်ဖို့အတွက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေကိုလည်း ဖိတ်ကြားထားတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။