နိုင်ငံရေးအကြပ် အတည်း ဆွေးနွေးပွဲနဲ့သာ အဖြေရှာနိုင်ကြောင်း ပညာရှင်တွေ ပြောကြား
2014.06.07
မြန်မာ့နိုင်ငံရေး အသွင်ကူးပြောင်းရေးကာလ အနာဂါတ်မှန်းဆချက်များ ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲကို ရန်ကုန်မြို့ ကုန်သည်များနဲ့ စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှာ ဒီနေ့ ကျင်းပခဲ့ပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အပါအဝင် အထွေထွေမကျေနပ်ချက်တွေကို နိုင်ငံရေးအင်အားစုတွေ အားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲကျင်းပပြီး ဖြေရှင်းရမယ်လို့ အဲဒီဆွေးနွေးပွဲမှာ ဦးဆောင်ဆွေးနွေးခဲ့ သူ မြန်မာငြိမ်းချမ်းရေးစင်တာက ဒေါက်တာမင်းဇော်ဦး အခုလို ပြောပါတယ်။
"အခု မြန်မာပြည်မှာ မကျေနပ်ချက်တွေ အများကြီးရှိတယ်၊ အထွေအထွေ မကျေနပ်မှုတွေထဲမှာ နိုင်ငံရေးအရ မကျေနပ်မှုထဲမှာမှ ဖွဲ့စည်းပုံပြင်ရေး လက်မှတ်တွေထိုးတယ်၊ လူထုဆန္ဒခံယူ ပွဲတွေလုပ်တယ်၊ လမ်းလျှောက်ကန့် ကွက်ပွဲတွေလုပ်တယ်၊ ပြီးတော့ မြေသိမ်းတဲ့ကိစ္စတွေရှိတယ်၊ တိုင်းရင်းသားတွေရဲ့ နစ်နာတဲ့ကိစ္စတွေရှိတယ်၊ ဒီဟာတွေအားလုံးကို ဆွေးနွေးဖြေရှင်းနိုင်ဖို့ အင်အားစုအားလုံးပါဝင်တဲ့ မြန်မာ့သမိုင်းမှာ မရှိစဖူးရှိခဲ့မယ့် အင်အားအကြီးဆုံး နိုင်ငံရေးပါဝါ အကြီးဆုံး အခင်းအကျင်းဟာ နိုင်ငံရေးဆွေးနွေးပွဲဖြစ်တယ်"
ဒါအပြင် အစိုးရက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ဖို့ ကြိုးစားနေတာဟာ နိုင်ငံရေးဆွေးနွေးပွဲတွေကျင်းပဖို့ အာမခံချက်ပေးတာဖြစ်တယ် လို့လည်း ပြောပါတယ်။
ဒီကနေ့ ဆွေးနွေးပွဲမှာ ဒေါက်တာတင်မောင်သန်း၊ ဦးအောင်သူငြိမ်း၊ ဆလိုင်းငုံကျူံးလျံနဲ့ ဒေါက်တာ မင်းဇော်ဦးတို့က ဦးဆောင်ဟောပြောခဲ့ပြီး မြန်မာငြိမ်းချမ်းရေးစင်တာက တာဝန်ရှိသူတွေနဲ့ ပရိတ်သတ် အတော်များများ တက်ရောက်ခဲ့ကြပါတယ်။
ဒီသတင်းနဲ့ပတ်သက်လို့ ဒေါက်တာတင်မောင်သန်းကို RFA ဝိုင်းတော်သား ကိုကျော်မင်းထွန်း ဆက်သွယ်မေးမြန်း ထားတာကိုလည်း တဆက်ထဲနားဆင်နိုင်ပါတယ်။