မြန်မာဒုက္ခသည်တွေနေရာ ကျန်းမာရေးနဲ့မညီလို့ ရွှေ့ပြောင်းပေး
2018.09.23
အမေရိကန်ပြည်ထောင်စု နီဘရာစကားပြည်နယ် အိုမားဟားမြို့မှာ မြန်မာနိုင်ငံကနေ ဒုက္ခသည်အဖြစ်နဲ့ ပြောင်းရွေ့လာကြတဲ့ မြန်မာ ၅ဝဝ ကျော်ကို မြို့အာဏာပိုင်တွေနဲ့ လူမှုရေးအထောက်အကူပြုအဖွဲ့တွေက ညစ်ပတ်ပြီး ကျန်းမာရေးနဲ့မညီညွတ်တဲ့ တိုက်ခန်းတွေကနေ မနေ့က အလျင်အမြန် ရွှေ့ပြောင်းပေးခဲ့ကြတယ်လို့ သိရပါတယ်။
ဒီတိုက်ခန်းတွေမှာ ကြွက်၊ ကြမ်းပိုးစတဲ့ လူနေဖို့မသင့်လျော်တဲ့ အခြေအနေရောက်နေတဲ့အကြောင်း ကြာသပတေးနေ့က တိုင်စာရရှိခဲ့ပြီး အရေးပေါ်အခြေအနေအဖြစ် မနေ့က မြို့အာဏာပိုင်တွေက ရှောင်တခင် ဝင်ရောက်ပြောင်းရွှေ့ပေးခဲ့ကြတာဖြစ်ပါတယ်။
မြန်မာနိုင်ငံ တိုင်းရင်းသားဒေသတွေက မတည်ငြိမ်မှုတွေကြောင့် ထွက်ပြေးလာပြီး ဘဝသစ်ထူထောင်ဖို့ ရောက်လာကြတဲ့ မြန်မာဒုက္ခသည်တွေကို အမေရိကန်ပြည်ထောင်စုမှာ ဒီအခြေအနေမျိုး ရင်ဆိုင်ကြုံတွေ့ကြ ရတာဟာ မဖြစ်သင့်တဲ့အကြောင်း အိမ်နီးချင်းတွေက ပြောကြားကြပါတယ်။
ဒီလိုရှင်းလင်းရာမှာ တိုက်ခန်းတွေကနေ ထွက်ပေးဖို့ မြို့အာဏာပိုင်တွေက ကြိုတင်အသိပေး အကြောင်းကြားခြင်း မရှိဘဲ ရုတ်တရက်ဝင်ရောက်ရှာဖွေခဲ့တာဖြစ်ပြီး တိုက်ခန်းပိုင်ရှင်တွေ၊ မိသားစုတွေရဲ့ အခြေအနေကို ပကတိ အတိုင်းတွေ့မြင်နိုင်ဖို့ အခုလို လုပ်ရတာဖြစ်တဲ့အကြောင်း မြို့တော်ဝန်က ပြောကြားခဲ့ပါတယ်။
မြန်မာဒုက္ခသည် မိသားစုတွေထဲမှာ ကလေးသူငယ် ၁၇၅ ယောက်ပါတယ်လို့ သိရပါတယ်။ ဒီမိသားစုတွေကို အမြဲနေထိုင်နိုင်မယ့် ကျန်းမာရေးနဲ့ညီညွတ်တဲ့ အိမ်နေရာအသစ်ကို အင်္ဂါနေ့မှာ ရှာဖွေနေရာချသွားမယ်လို့ မြို့အာဏာပိုင်တွေက ပြောပါတယ်။