အဓမ္မမှု တကယ်ရှိရင် တိုင်ကြား ဖို့ နိုင်ငံတော်အတိုင်ပင်ခံ ရုံးကြေညာ
2016.12.24

ရခိုင်ပြည်နယ် မောင်တောဒေသခံ အမျိုးသမီးတွေအနေနဲ့ အဓမ္မပြုကျင့်ခံရမှုရှိပါက ဥပဒေနဲ့ အညီတိုင် ကြားနိုင်ကြောင်းနဲ့ အမှန်တကယ်နစ်နာသူကို ထိရောက်စွာ အကာအကွယ်ပေးမယ်လို့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ရုံးက ဒီဇင်ဘာ ၂၃ ရက် မနေ့က တိုက်တွန်း ကြေညာလိုက်ပါတယ်။
အဲဒီထုတ်ပြန်ချက်မှာ ပြည်တွင်း ပြည်ပ သတင်းမီဒီယာအဖွဲ့တွေ ဒီဇင်ဘာ ၂၁ ရက်နေ့က ရခိုင်ပြည် နယ် မောင်တောမြို့နယ် ပြောင်ပိုက်ကျေးရွာကို ရောက်ရှိစဉ် မှာ အဲဒီကျေးရွာသူ အသက် ၂၅ နှစ်ရှိ မဂျာမာလီဟာ က သူ့ကိုအစိုးရ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ အဓမ္မပြုကျင့်ခဲ့ကြောင်း ပြောဆိုခဲ့တယ်လို့ ဖေါ်ပြထားပါတယ်။
အဲဒီ မဂျာမာလီဟာ ဆိုသူကို ဒုတိယသမ္မတ ဦးမြင့်ဆွေ ဦးဆောင်တဲ့ ရခိုင်ပြည်နယ် စုံစမ်း စစ်ဆေးရေး ကော်မရှင်က ဒီဇင်ဘာ ၁၁ ရက်နေ့မှာ တွေ့ဆုံမေးမြန်း ခဲ့စဉ်တုန်းကတော့ အဓမ္မ ပြုကျင့်ခံရမှု မရှိကြောင်း ဖြေကြားခဲ့တယ်လို့ ဆိုပါတယ်။
ဒီလို ကွဲလွဲပြောဆိုချက်နဲ့ ပတ်သက်ပြီး ဒီဇင်ဘာ ၂၂ ရက်နေ့မှာ အစိုးရတာဝန်ရှိသူတွေ ပြောင်ပိုက် ကျေးရွာကို သွားရောက်ပြီး ပြောင်ပိုက်ကျေးရွာ ရာအိမ်မှူး ခါလီ၊ စပယ်ကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး မာမတ်အီနူး နဲ့ ရပ်မိရပ်ဖတွေကို တွေ့ဆုံမေးမြန်းခဲ့ကြောင်း၊ ပြောင်ပိုက်ကျေးရွာမှာ မဂျာမာလီဟာ နေထိုင်ခြင်း မရှိဘဲ ငါးစားကြူး ကျေးရွာမှာ နေထိုင်လျက်ရှိကြောင်း သိရှိရတဲ့အတွက် လာရောက်ရန် ခေါ်ယူခဲ့သော်လည်း လာရောက်ခြင်း မပြုဘဲ တိမ်းရှောင်လျက် ရှိကြောင်း ကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောဆိုတယ်လို့ သိရပါတယ်။
ဒါကြောင့် မောင်တောခရိုင် အတွင်းရှိ ဒေသခံတွေအနေနဲ့ အဓမ္မပြုကျင့်ခံရမှုတွေရှိပါက ဥပဒေနဲ့ အညီ အမှုဖွင့်တိုင်ကြားနိုင်ကြောင်း၊ မှန်ကန်မှုရှိပါက တရားဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက် သွားမှာဖြစ်ကြောင်းနဲ့ အမှန်တစ်ကယ် နစ်နာသူတွေကို ထိထိရောက်ရောက် အကာအကွယ် ပေးသွား မှာဖြစ်ကြောင်း စသဖြင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။