မြန်မာကျွန်းသစ် သွင်းခွင့် ဒိန်းမတ်ပိတ်ပင်
2017.03.15

ဒိန်းမတ်အစိုးရက စည်းကမ်းပျက်တဲ့ သူတို့နိုင်ငံက သစ်ကုမ္ပဏီတွေကို မတ်လ ၁၅ ရက်နေ့ မနေ့ကစ ပြီး မြန်မာနိုင်ငံက ကျွန်းသစ်တွေ တင်သွင်းခွင့် ပိတ်ပင်လိုက်ပါတယ်။ ဒိန်းမတ်သစ်ကုမ္ပဏီ ကိဖလိကို Keflico ဟာ ဥရောပသမဂ္ဂ ပြဌာန်းထားတဲ့ သစ်တင်သွင်းမှုဆိုင်ရာ စည်းမျဉ်းကို ချိုးဖေါက်ခဲ့ကြောင်း (EIA- Environmental Investigation Agency)သဘာဝပတ်ဝန်းကျင်စုံစမ်းရေးအဖွဲ့က သက်သေနဲ့တကွ တင်ပြခဲ့ပြီးနောက်မှာ ဒိန်းမတ်အစိုးရက အခုလို ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။
ဥရောပသမဂ္ဂချမှတ်ထားတဲ့ စည်းမျဉ်းတွေအရ ကုမ္ပဏီတွေအနေနဲ့ သစ်တင်သွင်းလိုရင် အဲဒီသစ်တွေရဲ့ ထုတ်လုပ်မှုနဲ့ ရောင်းချသူအဆင့်ဆင့်ကို သိရှိအောင်စုံစမ်းဖေါ်ထုတ်တင်ပြရမှာ ဖြစ်ပါတယ်။
ဆွီဒင်အစိုးရကလည်း သူတို့နိုင်ငံက သစ်ကုမ္ပဏီတခုကို ဒိန်းမတ်အစိုးရနည်းတူ မနှစ်ကအရေးယူခဲ့တဲ့အတွက် ဒိန်းမတ်အစိုးရဟာ မြန်မာကျွန်းသစ်သွင်းမှုကိုဒုတိယမြောက် အရေးယူပိတ်ပင်တဲ့ အစိုးရဖြစ်ပါတယ်။ အခုလို အရေးယူခြင်းအားဖြင့် မြန်မာအစိုးရသစ်ကို ထိခိုက်မှုမရှိနိုင်ဘူးလားလို့ လန်ဒန်အခြေစိုက် EIA သဘာဝ ပတ်ဝန်းကျင် စုံစမ်းရေးအဖွဲ့ရဲ့ သစ်တောရေးရာ အရာရှိ Peter Cooper ပီတာကူးပါး ကို RFA က မေးမြန်းခဲ့ရာမှာ “အဲဒီလို ထိခိုက်မယ်လို့ ကျနော် မထင်ပါဘူးခင်ဗျ၊ ဒါက မြန်မာအစိုးရနဲ့ ဥရောပသမဂ္ဂ ချမှတ်ထားတဲ့ ဥပဒတွေနဲ့ပဲ သက်ဆိုင်ပါတယ်။ ကုမ္ပဏီတွေအနေနဲ့ ချမှတ်ထားတဲ့ ဥပဒေစည်းမျဉ်းတွေကို လိုက်နာဖို့ပဲ လိုအပ်ပါတယ်” လို့ပြောပါတယ်။
ပွင့်လင်းမြင်သာစွာ ကြိုတင်စုံစမ်းလေ့လာမှုမရှိဘဲ မြန်မာပြည်က ကျွန်းသစ်တွေကိုတင်သွင်းခဲ့တဲ့ တခြား ဥရောပကုမ္ပဏီတွေကို အလားတူအရေးယူဖို့ EIA က အီတလီ၊နယ်သာလန်၊ ဘယ်လ်ဂျီယံနဲ့ ဗြိတိန်နိုင်ငံတွေကို တင်ပြထားတဲ့ အမှု ၁၂ မှုရှိပါသေးတယ်။ အဲဒီအစိုးရတွေကလည်း ဆွီဒင်နဲ့ ဒိန်းမတ်နိုင်ငံတွေနည်းတူ မကြာခင်လိုက်နာဆောင်ရွက်ကြမယ်လို့ မျှော်လင့်ကြောင်း ပီတာက ပြောပါတယ်။
ဒါ့အပြင်သူက မြန်မာ့သစ်လုပ်ငန်း အာဏာပိုင်တွေအနေနဲ့ “သစ်ထုတ်လုပ်ငန်းမှာ ဥပဒေချိုးဖေါက်မှုတွေ ရှိနေတာကို အမြန်ဆုံး အရေးယူဖို့လိုပါတယ်။ သစ်ထုတ်မှုတွေကို ဘက်မလိုက်ပဲ လွတ်လပ်စွာစုံစမ်းမယ့် အဖွဲ့အစည်းတွေက စောင့်ကြည့်ဖို့ခွင့်ပြုရပါလိမ့်မယ်။ အဲဒီလို စုံစမ်းအရေးယူမှု မရှိရင်တော့ မြန်မာနိုင်ငံအနေနဲ့ ဥရောပသစ်ဈေးကွက်ကို လက်လွတ်ဆုံးရှုံးသွားနိုင်ပါတယ်” လို့ EIA သဘာဝပတ်ဝန်းကျင် စုံစမ်းရေးအဖွဲ့ အရာရှိ Peter Cooper က RFA ကို မနေ့က ပြောကြားပါတယ်။