ထိုင်းကိုပို့မယ့် မြန်မာ့သစ်ခွဲသားများဖမ်းမိ
2011.08.07
ထိုင်းနိုင်ငံ ရနောင်းမြို့နဲ့ ရေမိုင် ၂ မိုင်အကွာမှာ အကြီးစားအင်ဂျင်စက် တပ်ဆင်ထားတဲ့ မသင်္ကာဖွယ်ရာ စက်လှေတစီးကို ထိုင်းဘုရင့် ရေတပ်မတော်ရဲ့ ဟွာဟင်းခရိုင် ကင်းလှည့်ရေယာဉ်က တက်ရောက် စစ်ဆေးရှာဖွေခဲ့ရာမှာ ခွဲစိတ်ဖြတ်တောက် အချောကိုင်ပြီး သစ်ခွဲသား ပျဉ်ချပ်ပေါင်း ၁၅ဝ ကို တွေ့ရှိခဲ့ပါတယ်။
အဲဒီ သစ်ခွဲသားတွေမှာ တရားဝင် အထောက်အထား စာရွက်စာတမ်း တွေ မပါရှိတဲ့အတွက် စက်လှေမောင်းသူနဲ့ လှေပေါ်ပါသူ မြန်မာလူမျိုး ၅ ဦးကို သစ်မှောင်ခိုမှုနဲ့ ဖမ်းဆီးလိုက်ပါတယ်။
ထိုင်းဘတ်ငွေ ၃ သိန်း တန်ဖိုးရှိတဲ့ အဲဒီသစ်ခွဲသားတွေကို မြိတ်မြို့မှာ ခွဲစိတ် အချောကိုင်ခဲ့တာဖြစ်ပြီး ရနောင်းဆိပ်ကမ်းက သစ်ခွဲစက်တခုကို ပို့ပေးရမှာဖြစ်ကြောင်း စက်လှေမောင်းသူက ပြောပါတယ်။
ထိုင်းဘက်က အဝယ်လိုက်နေတဲ့အတွက် မြန်မာ့သစ်ခွဲသားတွေ မြိတ်ကနေတဆင့် အလုံးအရင်းနဲ့ တင်ပို့နေရတယ်လို့ လှေပေါ် ပါသူတွေက ပြောပါတယ်။
အလားတူ ထိုင်းဘက်ကနေ တရုတ်ကို မှောင်ခိုတင်ပို့မယ့် ဘတ်ငွေ ၅ သိန်းကျော် တန်ဖိုးရှိတဲ့ ထိုင်းသစ်နီသားတွေကိုလည်း မဲခေါင်မြစ်ထဲမှာ ချင်းရိုင် ကင်းလှည့်ရေယာဉ်က ဖမ်းမိခဲ့ပါတယ်။ ထိုင်းသစ်နီသားတွေကို လက်ခံရယူမယ့် တရုတ်ကုန်သည်ဟာ ဖမ်းမိတဲ့နေရာနဲ့ ၃ မိုင်အကွာ မြန်မာဘက်ဆိပ်ကမ်းမှာ စောင့်ဆိုင်းနေတယ်လို့ ဆိုပါတယ်။