ထိုင်းတိုက်ခန်းတွေ မြန်မာဘက်က ဝယ်ယူမှု ကျဆင်းနိုင်
2024.06.08

ပြည်ပနိုင်ငံတွေကနေ တိုက်ခန်းရောင်းဝယ်နေသူတွေကို စစ်ကောင်စီက ဖမ်းဆီးအရေးယူနေတာကြောင့် မြန်မာနိုင်ငံသားတွေ ထိုင်းနိုင်ငံကနေ ကွန်ဒိုဝယ်ယူမှု သိသိသာသာကျဆင်းသွားနိုင်တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဇွန် ၈ ရက်နေ့က ဖော်ပြပါတယ်။
စစ်ကောင်စီရဲ့ အရေးယူမှုနောက်ပိုင်း ဧပြီ နဲ့ မေလအတွင်း ထိုင်းဘတ်ငွေ တစ်ဘီလီယံကျော်တန်ဖိုးရှိတဲ့ ကွန်ဒိုတွေကို မြန်မာနိုင်ငံက ဝယ်သူတွေဆီကို လွှဲပြောင်းလို့ မရတော့ဘဲ တားမြစ်ခံလိုက်ရတယ်လို့ ထိုင်းကွန်ဒိုလုပ်ငန်းရှင်အသင်း ဥက္ကဋ္ဌ Prasert Taedullayasatit ပြောကြားချက်ကို ဘန်ကောက်ပို့စ်မှာ ဖော်ပြထားပါတယ်။
ထိုင်းနိုင်ငံရဲ့ Real Estate Information Center (REIC) စာရင်းတွေအရ မြန်မာနိုင်ငံဟာ ၂ဝ၂၂ ခုနှစ်ကစပြီး ထိုင်းကနေ ကွန်ဒိုဝယ်ယူမှု ထိပ်တန်းနိုင်ငံတွေစာရင်း ၁ဝ ကနေ ငါးအတွင်း ရောက်ရှိလာပါတယ်။
၂ဝ၂၂ ခုနှစ်မှာ မြန်မာနိုင်ငံဟာ ထိုင်းကွန်ဒိုဝယ်ယူမှု အဆင့် ခြောက်နေရာမှာရှိပြီး ထိုင်းဘတ်ငွေ ၂ ဒဿမ ၅၅ ဘီလီယံတန်ဖိုးရှိတဲ့ တိုက်ခန်း ၃၄၉ လုံး ဝယ်ယူခဲ့တယ်လို့ ဆိုပါတယ်။ ၂ဝ၂၃ ခုနှစ်မှာ အဆင့် သုံးနေရာနဲ့ ထိုင်းငွေ ၃ ဒဿမ ၇ တန်ဖိုးရှိတဲ့ တိုက်ခန်း ၅၆၄ လုံး ဝယ်ယူခဲ့ပါတယ်။
ဒီနှစ်မှာတော့ ရုရှားကို ကျော်လွန်ပြီး အဆင့် နှစ်နေရာကို ရောက်ရှိလာတယ်လို့ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ ၂ဝ၂၁ ခုနှစ် နိုင်ငံရေးမတည်ငြိမ်မှုတွေနောက်ပိုင်း မြန်မာပြည်က ဝယ်ယူမှု မြင့်တက်လာတယ်လို့ ထိုင်းနိုင်ငံရဲ့ Real Estate Information Center (REIC) ညွှန်ကြားရေးမှူး Vichai Viratkapan က ပြောထားပါတယ်။
စစ်ကောင်စီက ဘန်ကောက်ကနေ ကွန်ဒို ဝယ်ယူထားသူ သုံးဦးနဲ့ ရောင်းချသူ နှစ်ဦးကို အရေးယူထားတယ်လို့ ဇွန် ၃ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။
ဗဟိုဘဏ် ခွင့်ပြုချက်မရှိဘဲ ပြည်ပနိုင်ငံတွေမှာ ဘဏ်စာရင်းတွေ ဖွင့်ပြီး ကွန်ဒိုတိုက်ခန်း ဝယ်ယူသူတွေနဲ့ ရောင်းချနေသူတွေကို ဖော်ထုတ်ဖမ်းဆီးအရေးယူသွားမယ်လို့လည်း စစ်ကောင်စီက သတိပေးထားပါတယ်။