ထိုင်းရောက် မြန်မာတွေ အာဏာသိမ်း ရက်တစ်ထောင်ပြည့် ဆန္ဒပြ

ခင်ခင်အိ
2023.10.29
ထိုင်းရောက် မြန်မာတွေ အာဏာသိမ်း ရက်တစ်ထောင်ပြည့် ဆန္ဒပြ ၂ဝ၂၃ ခုနှစ် အောက်တိုဘာ ၂၉ ရက်နေ့က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ကုလသမဂ္ဂရုံးရှေ့တွင် အာဏာသိမ်း ရက်တစ်ထောင်ပြည့် ဆန္ဒပြခဲ့ကြသည့် မြန်မာနိုင်ငံသားတချို့အား တွေ့ရစဉ်။
RFA

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်တဲ့ မြန်မာစစ်တပ်အာဏာသိမ်းမှု ရက်တစ်ထောင်ပြည့် အထိမ်းအမှတ်အဖြစ် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတွေ စုဝေးပြီး ဘန်ကောက်မြို့က ကုလသမဂ္ဂရုံးရှေ့မှာ ဆန္ဒပြပွဲ အောက်တိုဘာ ၂၉ ရက်နေ့က လုပ်ခဲ့ကြတာပါ။

ဒီလှုပ်ရှားမှုကို တောက်ပသောအနာဂတ်အဖွဲ့ Bright Future က ဦးဆောင်ကျင်းပတာဖြစ်ပြီး မြန်မာ ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ အလုပ်သမားအရေးလှုပ်ရှားသူတွေ ၃၀ ကျော် တက်ရောက်ခဲ့ကြပါတယ်။

လှုပ်ရှားမှု ဦးဆောင်သူတစ်ဦးဖြစ်တဲ့ ကိုစူရတ်က အာဏာသိမ်းစစ်ကောင်စီကို မြန်မာနိုင်ငံသားတွေက အမြဲဆန့်ကျင်နေတယ်ဆိုတာ ကမ္ဘာက သိစေလိုတဲ့အတွက် ဒီလှုပ်ရှားမှုကို ပြုလုပ်ခဲ့တာလို့ ပြောပါတယ်။

ဒီဆန္ဒပြပွဲကို တက်ရောက်လာတဲ့ သူတွေထဲမှာ လူငယ်အဆိုတော် နိုဗန်ထူးလည်း ပါဝင်ပါတယ်။

ဒီလှုပ်ရှားမှုမှာ ပါဝင်တဲ့ မနဒီမိုင်ကလည်း

“ဒီစစ်အာဏာရှင်က ပြည်သူလူထုဆီက မတရားအာဏာသိမ်းခဲ့တာ ရက်တစ်ထောင်ပြည့်ပြီ။ ညီမတို့ ဒီကိုလာတာက ပြည်သူလူထုရော မင်းအောင်လှိုင်နဲ့တကွ စစ်အာဏာရှင်တစ်စုလုံးကို သိစေချင်တယ်။ ပြည်သူတွေကိုလည်း သိစေချင်တယ် ညီမတို့ ပြည်သူတွေက လုံးဝသွေးအေးမသွားဘူးဆိုတဲ့အကြောင်း လာရောက် ဆန္ဒထုတ်ဖော်တာ ဖြစ်ပါတယ် ”



ဒီ ဆန္ဒပြပွဲမှာ တိုင်းရင်းသားတွေလည်း ပါဝင်ပါတယ်။စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုမှာ ဦးဆောင်ပါဝင်ခဲ့သူ တစ်ဦးဖြစ်တဲ့ ကိုတူးက အာဏာသိမ်းစစ်ကောင်စီရဲ့လုပ်ရပ်တွေကို လုံးဝ လက်မခံကြောင်းနဲ့ စစ်အာဏာရှင်တော်လှန်ရေးမှာ ထိုင်းရောက်မြန်မာနိုင်ငံသားတွေက ဆက်လက် ပံ့ပိုးကူညီသွားမယ်လို့ ပြောပါတယ်။

ဆန္ဒပြပွဲမှာ ပါဝင်တဲ့ ကိုစိုင်းကလည်း နောင်လာနောက်သားတွေ စစ်အာဏာရှင်လက်အောက်က လွတ်မြောက်ဖို့အတွက် သူတို့ အဝေးရောက်မြန်မာနိုင်ငံသားတွေ ကျရာကဏ္ဍကနေ ပါဝင်နေတယ်ဆိုတာ သိစေချင်ပါတယ်လို့ ပြောပါတယ်။

ဆန္ဒပြ မြန်မာနိုင်ငံသား အလုပ်သမားတွေက သူတို့ ထိုင်းနိုင်ငံမှာ လက်ရှိ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကိုလည်း ထုတ်ဖော်ပြောဆိုခဲ့ကြပါတယ်။

တိုင်းရင်းသားတစ်ဦးဖြစ်တဲ့ ကိုသန့်ဇင်က ... “ ဒီမှာ ထောက်ပို့လုပ်နေတဲ့သူတွေကို ဗီဇာတို့ work permit တို့ လုံးဝထုတ်မပေးဘူးလို့ ကြားတယ်။ အဲဒါ လုံးဝမတရားဘူး။ စစ်ကောင်စီကို လုံးဝ ဆန့်ကျင်ပါတယ်” လို့ ပြောပါတယ်။

ဒီဆန္ဒပြပွဲမှာ ထိုင်းအစိုးရအနေနဲ့ မြန်မာစစ်ခေါင်းဆောင်တွေကို အစည်းအဝေးတွေ ဖိတ်ကြားနေတာတွေ ရပ်တန့်ဖို့၊ လူသားချင်းစာနာမှု အကူအညီတွေပေးဖို့၊ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ ပူးပေါင်းဆောင်ရွက်ဖို့၊ အာဆီယံငြိမ်းချမ်းရေးမူ ငါးချက်ကို လိုက်နာရေးအတွက် မြန်မာစစ်ကောင်စီကို ဖိအားပေးဖို့ စတာတွေကို တောင်းဆိုခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။