တရားမဝင် မြန်မာရွှေ့ပြောင်းလုပ်သားတွေကို ထိုင်းအစိုးရက ပန်းရောင်ကတ်ထုတ်ပေးမည်
2024.06.07

ထိုင်းနိုင်ငံအတွင်း အထောက်အထားမဲ့ ရွှေ့ပြောင်းလုပ်သားတွေကို တရားဝင်နေထိုင်ပြီး အလုပ်လုပ်ခွင့်ရမဲ့ ပန်းရောင်ကတ် လုပ်ပေးမယ်လို့ ထိုင်းအစိုးရက ဇွန် ၆ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
မြန်မာအပါအဝင် လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ် နိုင်ငံတွေက တရားမဝင် အလုပ်သမားတွေကို ပန်းရောင်ကတ်လုပ်ပေးမှာ ဖြစ်ပါတယ်။
ပန်းရောင်ကတ် လုပ်မဲ့သူတွေဟာ ထိုင်းနိုင်ငံကိုရောက်ပြီး အလုပ်ရှင်ဆီမှာ အလုပ်လုပ်နေတဲ့သူတွေဖြစ်ရမယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဒီကိစ္စကြောင့် ထိုင်းရောက် မြန်မာတွေရဲ့လုံခြုံရေးနဲ့ အလုပ်အကိုင်အတွက် အဆင်ပြေသွားလိမ့်မယ်လို့ ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီပေးနေတဲ့ အဝေးရောက် ဧရာဝတီအသင်း (OIA) အထွေထွေ အတွင်းရေးမှူး ကိုဖိုးသင်္ကြန်က RFA ကို ပြောပါတယ်။
“နိုင်ငံရဲ့အခြေအနေကြောင့် ရွှေ့ပြောင်းလာတဲ့သူတွေ အများကြီးရှိတယ်။ ပန်းရောင်ကတ်လေး ဖွင့်ပေးမယ်ဆိုတော့ ဘာပဲပြောပြောဗျာ။ လုံခြုံရေးကိစ္စ၊ ဘာကိစ္စတွေမှာ သူတို့အတွက် အထောက်အကူဖြစ်တာပေါ့။ နောက်တစ်ခုက လက်ထဲမှာ လက်မှတ်လေးရှိလာတော့လည်း အလုပ်အကိုင် အခွင့်အလမ်း များတာပေါ့ဗျာ”
ပန်းရောင်ကတ် လုပ်ငန်းစဥ်အတွက် အမည်စာရင်း တင်သွင်းတာအပါအဝင် အဆင့်ဆင့်လုပ်ဆောင်ရမယ့်ကိစ္စတွေကို ထိုင်းအစိုးရက မထုတ်ပြန်သေးပါဘူး။
စစ်မှုထမ်းဥပဒေကြောင့် မြန်မာနိုင်ငံက လူငယ်တွေဟာ အိမ်နီးချင်း ထိုင်းနိုင်ငံကို တရားဝင်နဲ့ရော၊ တရားမဝင် လမ်းကြောင်းကနေပါ နေ့စဥ် ဝင်ရောက်နေကြတာပါ။
ပြီးခဲ့တဲ့ သုံးလကျော်အတွင်း ထိုင်းနိုင်ငံကိုရောက်လာတဲ့ မြန်မာနိုင်ငံသားတွေထဲက အထောက်အထားမရှိတဲ့သူ ၃၆၀၀ ခန့် ဖမ်းဆီးခံနေရတယ်လို့ ရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်သူတွေက ပြောပါတယ်။