ထိုင်း‌ရောက် ရွှေ့ပြောင်းအလုပ်သမားတွေ အလုပ်လုပ်ခွင့်လက်မှတ်လျှောက်ချိန် တိုးမြှင့်

RFA Burmese
2023.10.04
ထိုင်း‌ရောက် ရွှေ့ပြောင်းအလုပ်သမားတွေ အလုပ်လုပ်ခွင့်လက်မှတ်လျှောက်ချိန် တိုးမြှင့် ထိုင်းနိုင်ငံ စမုတ်စခွန်ခရိုင်က ရေထွက်ပစ္စည်းတင်ပို့သော ဈေးတစ်ခုတွင် အလုပ်လုပ်ကိုင်နေကြသော မြန်မာအလုပ်သမားများအား ၂ဝ၁၈ ခုနှစ် စက်တင်ဘာလကတွေ့ရစဉ်။
AFP

ထိုင်းနိုင်ငံရောက် တရားမဝင် ရွှေ့ပြောင်းအလုပ်သမားတွေကို မြို့နယ်တစ်ခုမှာ အခြေချနေထိုင် အလုပ်လုပ်ခွင့်ပေးတဲ့ ပန်းရောင်ကတ်လို့ခေါ်တဲ့ အလုပ်လုပ်ခွင့်လက်မှတ် လျှောက်ထားချိန်ကို လာမယ့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့အထိ တိုးမြှင့်ပေးလိုက်ကြောင်း ထိုင်းအစိုးရက အောက်တိုဘာ ၃ ရက်က ကြေညာလိုက်ပါတယ်။

အရင်က အခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့ နောက်ဆုံးထား လျှောက်ထားဖို့ သတ်မှတ်ထားရာကနေ လာမယ့်နှစ် ဇန်နဝါရီလ ၁၅ ရက်နေ့အထိ တိုးမြှင့်ပေးခဲ့တာလို့ ထိုင်းနိုင်ငံအခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးကပြောပါတယ်။

“အလုပ်ရှင်တွေရော အလုပ်သမားတွေအတွက်ရော အဆင်ပြေစေမယ့်လျှော့ချမှုတွေ လုပ်ပေးတာပေါ့။ အချိန်ကိုလည်း တိုးပေးတယ်။ ကုန်ကျစရိတ်ကိုလည်း လျှော့ချပေးတယ်။ ဒါရွှေ့ပြောင်းလုပ်သားတွေအတွက် သတင်းကောင်းပေါ့”

ပန်းရောင်ကတ်ကို အလုပ်လုပ်ခွင့် သက်တမ်းကုန်နေသူတွေ၊ တရားမဝင် အလုပ်လုပ်နေသူတွေကို ထုတ်ပေးနေတာဖြစ်ပြီး ကတ်သက်တမ်းကို နှစ်နှစ်အထိ ပေးထားပါတယ်။

ဒါ့အပြင် ထိုင်းအစိုးရကြေညာချက်အရ ထိုင်းနိုင်ငံအတွင်း နေထိုင်ခွင့်ရထားတဲ့ အလုပ်သမားတွေကို ဗီဇာနဲ့ အလုပ်လုပ်ခွင့်ကတ် (Work permit) လျှောက်ထားရာမှာ အရင်က ထိုင်းအစိုးရက ဘတ် ၂၀၀၀ တောင်းခံခဲ့ပြီး လက်ရှိမှာ ဘတ် ၅၀၀ သာ ကောက်ခံတော့မယ်လို့ဆိုပါတယ်။

ထိုင်းနိုင်ငံမှာ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအိုနဲ့ ဗီယမ်နမ်နိုင်ငံတွေက လာရောက် အလုပ်လုပ်ကိုင်တဲ့ ရွှေ့ပြောင်းလုပ်သား လေးသန်းကျော်ရှိပြီး အဲဒီထဲမှာ တရားဝင် ရွှေ့ပြောင်းလုပ်သား သုံးသန်းနဲ့ စာရွက်စာတမ်း အထောက်အထား ခိုင်ခိုင်မာမာမရှိတဲ့ ရွှေ့ပြောင်းလုပ်သား တစ်သန်းကျော်ရှိတယ်လို့ မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) က ဆိုပါတယ်။

အများစုက မြန်မာနိုင်ငံသားတွေဖြစ်ပြီး ကျန်သုံးနိုင်ငံက ရွှေ့ပြောင်းလုပ်သား ငါးသိန်းနီးပါးသာရှိတယ်လို့ JACBA ဥက္ကဋ္ဌ ဦးမိုးကြိုးကပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။