အာဏာသုံးထိန်းချုပ်ရေး ဆီ မြန်မာပြန်သွားနေပြီလို့ အမေရိကန် ဝေဖန်
2014.07.17

ဓာတုလက်နက်စက်ရုံတည်ဆောက်ဖို့ မြေသိမ်းခဲ့တဲ့ အကြောင်း သတင်းရေးသားမှုအတွက် ယူနတီဂျာနယ် သတင်းထောက် ငါးဦးကို အာဏာပိုင်တွေက အလုပ် ကြမ်းနဲ့ ထောင်ဒဏ် ၁ဝ နှစ် ချမှတ်ခဲ့ပြီးတဲ့နောက်၊ မြန်မာ အစိုးရဟာ အရင်ကလို စောင့်ကြည့် ထိန်းချုပ်တဲ့ အာဏာရှင် ပုံစံမျိုးဆီကို ပြန်လည် ဦးတည်နေပြီလို့ အမေရိကန် အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ တွမ် မလီနောစကီး Tom Malinowski က ဝေဖန်ပြောဆိုခဲ့ ပါတယ်။
သမ္မတ အိုဘားမားက အမေရိကန်အစိုးရရဲ့ နိုင်ငံခြားရေး မူဝါဒ မှန်ကန်အောင်မြင်မှုတွေ ရှိခဲ့ကြောင်း ပြောဆိုခဲ့ရာ မှာ မြန်မာနိုင်ငံရဲ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေကို သာဓက တစ်ရပ်အနေနဲ့ ထောက်ပြခဲ့အပြီး မကြာခင်မှာပဲ အခုလို မြန်မာအစိုးရရဲ့ သတင်းထောက်တွေအပေါ် အရေးယူအပြစ်ပေးတာတွေ ပေါ်ပေါက် လာခဲ့ တာဖြစ်ကြောင်း AP သတင်းကဖေါ်ပြပါတယ်။
ဒါပေမဲ့ နှစ်ငါးဆယ်ကျော် အာဏာသုံးစစ်အုပ်ချုပ်ရေးကနေ ဒီမိုကရေစီလမ်းကြောင်းပေါ် ခက်ခက်ခဲခဲ လျှောက်နေရ တဲ့ မြန်မာအစိုးရနဲ့ အမေရိကန် ပြည်ထောင်စုကြား ထိတွေ့ဆက်ဆံမှုတွေကိုတော့ ဆက်လက်ထားရှိ သွားမှာဖြစ် တယ်လို့ မစ္စတာ မလီနောစကီး ကပြောပါတယ်။
ပြီးခဲ့တဲ့ သုံးနှစ်လောက်ကစပြီး တစုံတရာ လွတ်လပ် ပွင့်လင်းလာခဲ့တဲ့ သတင်းမီဒီယာတွေရဲ့ လွတ်လပ်ခွင့်ကို အကာ အကွယ်ပေးဖို့၊ ၂ဝ၁၅ ရွေးကောက် ပွဲကို လွတ်လပ်မျှတပြီး၊ ပြည်တွင်း ပြည်ပက ယုံကြည်လက်ခံအောင်ဆောင်ရွက် ဖို့လည်း တိုက်တွန်းလိုက် ပါတယ်။