အလုပ်သမားတွေ နေပြည်တော်ကို ဆက်လက်ချီတက်မယ်
2016.04.30

မန္တလေးတိုင်းဒေသကြီး စဉ့်ကိုင်မြို့ ဖါးလင်ပိုးကျောင်းတိုက်မှာ ရောက်ရှိနေတဲ့ စစ်ကိုင်းမြို့က Myanmar Veneer အလုပ်သမားသပိတ်စစ်ကြောင်းက အလုပ်သမားတွေကို နေပြည်တော် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန တာဝန်ရှိသူတွေက သပိတ်ရပ်နားဖို့ပြောကြားခဲ့ပေမယ့် အလုပ်သမားတွေက လက်မခံဘဲ ဆက်လက်ချီတက် ဆန္ဒပြဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ခုံသမာဓိကောင်စီရဲ့ ကြားနာစစ်ဆေးမှုကို ခံယူမှာဖြစ်ပေမယ့် အလုပ်သမားတွေရဲ့ လမ်းလျှောက်ဆန္ဒပြမှုကို ရပ်နားမှာမဟုတ်ဘူးလို့ အလုပ်သမားခေါင်းဆောင် ကိုခိုင်မင်း က ပြောပါတယ်။
"အလုပ်သမားဌာနဝန်ကြီးဘက်ကတော့ သပိတ်စခန်းကိုရပ်ပြီးတော့ ကောင်စီရဲ့ အမိန့်ကိုကြားနာစစ်ဆေး ပြီးတော့ အမိန့်ကိုစောင့်ဆိုင်းစေချင်တယ်၊ ကျနော်တို့အလုပ်သမားတွေက ကောင်စီရဲ့ကြားနာစစ်ဆေးတာ ကို ကျနော်တို့သွားမယ်၊ ဒါပေမယ့် ဒီသပိတ်ကိုတော့ မရပ်နားဘူး၊ ဆက်ပြီးတော့ ကျနော်တို့ချီတက်ကြမယ်၊ အဲ့တော့ ၃ ရက်နေ့မှာ သူတို့လာရောက်ဖြေရှင်းပေးမယ် ဆိုတာကို ကျနော်တို့ချီတက်ရင်းနဲ့ စောင့်နေ မယ်ပေါ့ဗျာ"
နေပြည်တော် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ဌေးဝင်းနဲ့ အဖဲ့ွဟာ နေ့အပူချိန်ပြင်းတာကြောင့် ဆန္ဒပြအလုပ်သမားတွေရဲ့ ကျန်းမာရေးကို စိုးရိမ်တဲ့အတွက် သပိတ်ကို ရပ်နားပြီး ခုံသမာဓိကောင်စီရဲ့ ဆုံးဖြတ်ချက်ကိုခံယူဖို့ သွားရောက်ပြောကြားခဲ့တာ ဖြစ်ပါတယ်။ လာမယ့် မေလ ၂ ရက်နေ့မှာ ခုံသမာဓိကောင်စီက စစ်ဆေးဆုံးဖြတ်ပေးမှာဖြစ်ပါတယ်။
Myanmar Veneer စက်ရုံမှာ လုပ်သက်အလိုက် ကျွမ်းကျင်ကြေး၊ လုပ်သက်ခံစားခွင့်၊ ရက်မှန်ကြေး၊ စားစရိတ် ၊ နေစရိတ်၊ အကြိုအပို့စရိတ်တွေကို ခံစားခွင့်ရရှိမယ်ဆိုတဲ့ သဘောတူညီချက်တွေကို အလုပ်ရှင်ဘက်က ဖေါက် ဖျက်တဲ့အတွက် အလုပ်သမားတွေက ဆန္ဒပြတောင်းဆိုကြရာ အလုပ်ရှင်က အလုပ်သမား ၁၇ဝ နီးပါးကို ၃ ကြိမ် ခွဲပြီး အလုပ်ကနေ ထုတ်ပယ်လိုက်တာဖြစ်ပါတယ်။
အဲ့ဒီစက်ရုံဟာ အိန္ဒိယနိုင်ငံသားပိုင်တဲ့ စက်ရုံဖြစ်ပြီး အလုပ်သမား ၂ဝဝ ကျော်နဲ့ လည်ပတ်နေတာဖြစ်ပါတယ်။
အလုပ်သမားတွေနဲ့ တွေ့ဆုံ ညှိနှိုင်းခဲ့တဲ့ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ဌေးဝင်း ကို RFA သတင်းထောက် မဇင်မာဝင်း က ဆက်သွယ်မေးမြန်းထားပါတယ်။
အလုပ်သမားတစ်ဦးဖြစ်တဲ့ ကိုနှင်းအောင်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါပြီ။