အလုပ်သမား သပိတ်စစ်ကြောင်း ညှိနှိုင်းပွဲရှိလို့ တစ်ရက်နားမည်


2016.05.02
myanmar-veneer-workers-620.jpg စစ်ကိုင်းမြို့ကနေ နေပြည်တော်ကို ချီတက်လာတဲ့ Myanmar Veneer အလုပ်သမား သပိတ်စစ်ကြောင်းကို မေလ ၂ ရက်နေ့ က တွေ့ရစဉ်
Photo: Hset Paing Toe/ RFA

စစ်ကိုင်းမြို့ကနေ နေပြည်တော်ကို လမ်းလျှောက်ချီတက်လာတဲ့ Myanmar Veneer စက်ရုံအလုပ်သမားတွေ ဟာ ပြည်ထောင်စုအစိုးရ၊ စစ်ကိုင်းတိုင်းအစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်တို့နဲ့ မနက်ဖြန် တွေ့ ဆုံဆွေးနွေးကြမှာဖြစ်ပါတယ်။

အလုပ်သမား သပိတ်စစ်ကြောင်းဟာ မန္တလေးတိုင်း ကျောက်ဆည်မြို့နယ် ဟံမြင့်မိုရ်ကျေးရွာကို ဒီနေ့ ရောက်ရှိနေပြီး မနက်ဖြန် ဆွေးနွေးမယ့် အစီအစဉ်ကို အလုပ်သမား ကိုခိုင်မင်းက ပြောပြပါတယ်။

"ကျနော်တို့ကို လိုက်လံညှိနှိုင်းမှုလုပ်မယ်ဆိုပြီးတော့ မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်ရယ်၊ အမြဲတန်းအတွင်းဝင် ဦးမျိုးအောင် ရယ်က တိုင်းဒေသကြီးအစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင် ညှိနှိုင်းဆောင်ရွက်ဖို့အတွက် ကျနော်တို့ကိုခေါ်ထားတယ်၊ ဒါကြောင့် ညှိနှိုင်းဆောင်ရွက်ဖို့ပဲ ကျနော်တို့ လုပ်တော့မယ်"

မနက်ဖြန် ညှိနှိုင်းဆွေးနွေးနေချိန်မှာ ဟံမြင့်မိုရ်ကျေးရွာ ရေဦးကျောင်းတိုက်မှာ သပိတ်ကို ယာယီရပ်ဆိုင်းထား မှာဖြစ်ပြီး ဆွေးနွေးမှုရလဒ်အပေါ်မူတည်ပြီး သပိတ်ကို ရုပ်သိမ်းဖို့ သင့် မသင့်ကို  ဆုံးဖြတ်သွားမှာဖြစ်တယ် လို့ ပြောပါတယ်။

အလုပ်သမားကိုယ်စားလှယ် နှစ်ဦးက အလုပ်ရှင် အလုပ်သမား နှစ်ဖက်ပြေလည်ဖို့အတွက် ခုံသမာဓိကောင်စီရဲ့ အဆုံးအဖြတ်ကို ကြားနာဖို့ ဒီနေ့ သွားရောက်ခဲ့ပေမယ့် ကောင်စီက ဆုံးဖြတ်ပေးနိုင်ခြင်း မရှိခဲ့ပါဘူး။

ဆန္ဒပြစက်ရုံလုပ်သားတွေက ဘယ်ဝန်ကြီးဌာနနဲ့မဆို ညှိနှိုင်းလုပ်ဆောင်သွားမှာဖြစ်ပေမယ့် တောင်းဆိုမှုတွေ ရရှိမှသာ သပိတ်စစ်ကြောင်းကို ရပ်ဆိုင်းသွားမှာဖြစ်တယ်လို့ ပြောကြပါတယ်။

သပိတ်မှာပါဝင်တဲ့ အလုပ်သမားတွေဟာ စက်ရုံကနေ အလုပ်ထုတ်ပယ်ခံထားရတဲ့ အလုပ်သမား ၁၂၈ ဦးကို အလုပ်ပြန်ခန့်ပေးဖို့ တောင်းဆိုနေကြတာဖြစ်ပါတယ်။

အလုပ်ကနေ ထုတ်ပယ်ခံရသူတွေဟာ ကျွမ်းကျင်ကြေး၊ လုပ်သက်ခံစားခွင့်၊ ရက်မှန်ကြေး၊ စားစရိတ်၊ နေစရိတ် နဲ့ ခရီးစရိတ် စတာတွေကို ပေးဖို့ တောင်းဆိုခဲ့တာကြောင့် အလုပ်ထုတ်ခံရတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။