မြန်မာလက်နက်ဝယ်ယူမှုမှာ ထိုင်းဘဏ်တွေပတ်သက်မှုမရှိကြောင်း နိုင်ငံခြားရေးဝန်ကြီး ငြင်းဆို
2024.07.19
မြန်မာစစ်တပ်ကို လက်နက်ရောင်းချမှုမှာ ထိုင်းဘဏ်တွေ ပါဝင်ပတ်သက်နေတယ်ဆိုတဲ့ ကုလသမဂ္ဂအထူးကိုယ်စားလှယ်ရဲ့ အစီရင်ခံစာပါ စွပ်စွဲချက်ကို ထိုင်းနိုင်ငံခြားရေးဝန်ကြီး မာရစ် ဆင်ညမ်ဖုန် (Maris Sangiampongsa) က ပြတ်ပြတ်သားသား ငြင်းဆိုလိုက်ပါတယ်။
အောက်လွှတ်တော်အစည်းအဝေးအတွင်းမှာ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ငြင်းဆိုခဲ့တာလို့ ထိုင်းသတင်းတစ်ပုဒ်က ဖော်ပြပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် တွမ် အင်ဒရူး (Tom Andrews) ရဲ့ “ဒေါ်လာဘီလီယံချီ သေမင်းတမန်ကုန်သွယ်မှု” လို့ အမည်ပေးထားတဲ့ အစီရင်ခံစာထဲမှာ အမည်မဖော်လိုတဲ့ ထိုင်းဘဏ်တွေကနေတစ်ဆင့် မြန်မာစစ်တပ်ကို အမေရိကန်ဒေါ်လာ သန်း ၁၃၀ နီးပါး တန်ဖိုးရှိ စစ်လက်နက်တွေ ဝယ်ယူနိုင်အောင် ဆောင်ရွက်ပေးခဲ့တယ်လို့ ပြောဆိုထားပါတယ်။
ထိုင်းဘဏ်နဲ့ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးရုံးအဖွဲ့က မည်သည့်ထိုင်းဘဏ္ဍာရေးအဖွဲ့အစည်းမှ မြန်မာနိုင်ငံကို လက်နက်ရောင်းချမှုမှာ ပါဝင်ပတ်သက်ခြင်း မရှိဘူးဆိုတာ ရှင်းရှင်းလင်းလင်း ထုတ်ပြန်ထားပြီးဖြစ်ကြောင်း၊ လူ့အခွင့်အရေးနဲ့ နိုင်ငံတကာစံနှုန်းတွေကို ထိုင်းအစိုးရက တစ်သမတ်တည်း လိုက်နာဆောင်ရွက်ဖို့ ထိုင်းအစိုးရက ကတိကဝတ်ပြုထားကြောင်း ဝန်ကြီး မာရစ်က ပြောပါတယ်။
ကုလသမဂ္ဂရဲ့ စွပ်စွဲချက်တွေကို ဖြေရှင်းနေစဥ်အတွင်း ထိုင်းနိုင်ငံဟာ မြန်မာနဲ့ စီးပွားကူးသန်းမှု ပြတ်တောက်သွားမှာ မဟုတ်ဘူးလို့လည်း သူက ပြောပါတယ်။
မြန်မာနိုင်ငံမှာ ပဋိပက္ခတွေ ဆက်လက်ဖြစ်ပွားနေပေမဲ့လည်း အိမ်နီးချင်းနိုင်ငံတွေကြား ချစ်ကြည်ရင်းနှီးမှု မပျက်စေဖို့ ကုန်သွယ်မှုကို ဆက်လက်ထိန်းသိမ်းသွားဖို့ အရေးကြီးတယ်လို့ သူက ပြောပါတယ်။
မြန်မာစစ်တပ်လက်နက်ဝယ်ယူနိုင်အောင် ထိုင်းဘဏ်တွေကတစ်ဆင့် ငွေအလွှဲအပြောင်းလုပ်နေကြောင်း ကုလအထူးကိုယ်စားလှယ်ရဲ့ အစီရင်ခံစာကို ထိုင်းဘဏ်လုပ်ငန်းရှင်များအသင်းကလည်း ဇွန်လ ၂၈ ရက်နေ့က ကြေညာချက်ထုတ်ပြန်ပြီး ငြင်းဆိုထားပါတယ်။