ထိုင်းရောက် မြန်မာအမျိုးသမီး အလုပ်သမားတွေ တန်းတူအခွင့်အရေးရဖို့ ဆန္ဒပြ
2020.03.09
လုပ်ငန်းခွင်မှာ ဘေးကင်းလုံခြုံဖို့နဲ့ တန်းတူအခွင့်အရေးရဖို့ ထိုင်းနိုင်ငံရောက် မြန်မာအမျိုးသမီး အလုပ်သမားတွေက တောင်းဆိုလိုက်ပါတယ်။ မတ်လ ၈ ရက်နေ့မှာကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့မှာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တလျှောက် လမ်းလျှောက်ဆန္ဒပြ တောင်းဆိုခဲ့ကြတာပါ။
ဒီဆန္ဒပြပွဲကို ထိုင်းနိုင်ငံအနှံ့က မြန်မာအမျိုးသမီး အလုပ်သမားတွေအပြင် မြန်မာနိုင်ငံက အမျိုးသမီးတွေနဲ့ ထိုင်းလူ့အခွင့်အရေး လှုပ်ရှားသူတွေ ပူးပေါင်းပါဝင်ခဲ့ကြတာ တွေ့ရပါတယ်။ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တလျှောက် ချီတက်ခဲ့ကြပြီး၊ ပိုစတာတွေကို ကိုင်ဆောင်ကာ အချက် ခုနှစ် ချက်ကို တောင်းဆိုခဲ့ကြပါတယ်။ အဓိကကတော့ လုပ်ငန်းခွင်မှာ အမျိုးသမီးတွေ ကိုယ်ဝန်ဆောင်ခွင့်၊ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုနဲ့ သက်ငယ်မုဒိမ်းမှု ပပျောက်ဖို့ စတဲ့အချက်တွေ ပါဝင်ပါတယ်။
ဆန္ဒပြပွဲကို ဦးဆောင်သူတစ်ဦးဖြစ်တဲ့ MAP ဖောင်ဒေးရှင်းက မမိုင်က ပြောပြပါတယ်။
“ကျမတို့ ဒီအမျိုးသမီးတွေပေါ့ ရုပ်ပိုင်းဆိုင်ရာဖြစ်စေ စိတ်ပိုင်းဆိုင်ရာ ဖြစ်စေ အကြမ်းဖက်ခံရတဲ့ အမျိုးသမီး တိုင်းပေါ့နော် ဘယ်လို အသက်အရွယ်မျိုးပဲဖြစ်စေ ဘယ်လိုလူမျိုးပဲဖြစ်စေ တရားမျှတတဲ့ကာကွယ်မှုကို ခွဲခြားမှု မရှိပဲနဲ့ တန်တူညီမျှစွာ ဝင်ရောက် ရရှိဖို့ပေါ့နော်၊ ပြီးတော့မှ အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေကို ကျမတို့ ခေတ္တာနားခိုတဲ့နေရာ ဆေးကုသပေးနိုင်တဲ့နေရာ လုံခြုံစိတ်ချတဲ့နေရာ အဲဒါလေးတွေလည်း ကျမတို့ SaveHouse လိုပေါ့နော်၊ အဲဒါကိုလည်း ထားပေးဖို့၊ ပြီးတော့မှ အကြမ်းဖက်မှု ပပျောက်ရေး အတွက်ပေါ့ အကြမ်းဖက်မှုဆိုင်ရာ ဥပဒေ ဆွေးနွေးတင်ပြခြင်းတွေ ပြင်ဆင်ရေးဆွဲခြင်းတွေ အခွင့်အရေးတွေ တစ်ခုစီတိုင်းမှာလည်း အမျိုးသမီးတွေ ပါဝင်ခွင့် ရှိဖို့ပေါ့။”
တောင်းဆိုချက်တွေ ပါဝင်တဲ့စာကိုတော့ ချင်းမိုင်မြို့တော်ဝန်ထံ လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။ MAP foundation အဖွဲ့ဟာ မြန်မာနိုင်ငံ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ အခွင့်အရေးအတွက် ဆောင်ရွက်ပေးနေတဲ့ အစိုးရမဟုတ်တဲ့ အဲန်ဂျီအိုအဖွဲ့တစ်ခုလည်း ဖြစ်ပါတယ်။
ဒီဆန္ဒပြပွဲကို လာရောက်ပူးပေါင်းခဲ့တဲ့ နန်းသန္တာထွန်းကလည်း လက်ရှိ မြန်မာအမျိုးသမီးအလုပ်သမားတွေ ကြုံနေရတဲ့ အခြေအနေကို ရှင်းပြပါတယ်။ သူဟာဆိုရင် ထိုင်းနိုင်ငံ လရောင်းမြို့မှာ အလုပ်လုပ်နေတာ ၁၃ နှစ် လောက်ရှိပါပြီ။
“အခုအချိန်အထိပေါ့ ထိုင်းနိုင်ငံမှာရှိတဲ့ ကျမတို့ မြန်မာရွှေ့ပြောင်း အမျိုးသမီးတွေအတွက် မလုံခြုံဘူး၊ ပြီးခဲ့တဲ့ လထဲကဆို ဒီသူဌေးကနေပြီး မုဒိန်းကျင့်လိုက်တာ အိမ်ဖော်လုပ်နေတဲ့ လူပေါ့နော်။ နောက်တစ်ခု တကယ် အလုပ်ရုံမှာရှိတဲ့ တချို့အမျိုးသမီးတွေဆို ကိုယ်ဝန်ဆောင်တွေလည်း သူတို့က အလုပ်ဖြုတ်တယ်၊ နောက်ပြီးတော့ အလုပ်ရုံမှာ ဒီအလုပ်ထဲမှာလည်း သိပ်ပြီးတော့ လုံခြုံမှု မရှိဘူးလေ၊ အခုအချိန်ထိ လက်တွေ ပြတ်တာတို့ ဘာညာတို့ပေါ့နော် အလုပ်ကြောင့် ထိခိုက်ဒဏ်ရာရတာရှိတယ်။”
နောက်တခါ ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငခရိုင်က ရာဘာလုပ်ငန်းတွေမှာ ညဘက် အလုပ်လုပ်ကိုင်ကြရတဲ့ မြန်မာအမျိုးသမီး အလုပ်သမားတွေဟာလည်း လုပ်ငန်းခွင်အတွင်း လုံခြုံမှုနည်းပြီး၊ အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေမျိုး ကြုံရတယ်လို့ ဒီဆန္ဒပြပွဲမှာ ပါဝင်တဲ့ မခင်မာစိုး ကလည်း ပြောပါတယ်။
“သူဌေးကတော့ တာဝန်ယူပေးတယ်လို့တော့ မရှိဘူးပေါ့နော်၊ ဖြစ်လာရင် ကိုယ့်ဖာကိုပဲ ကိုယ့်အန္တရာယ် ကိုယ်ရှောင်ပြီးသွား အဲလိုသဘောမျိုး ဖြစ်တာပေါ့။”
ထိုင်းနိုင်ငံက ငါးလုပ်ငန်းရှင်တွေဟာလည်း စီးပွားရေးကျပြီး ပင်လယ်ပြင် ငါးဖမ်းလုပ်ငန်းတွေကို ရပ်လိုက်ချိန်မှာ အဲဒီငါးဖမ်းလှေတွေပေါ်မှာ အလုပ်လုပ်နေကြရတဲ့ မြန်မာအလုပ်သမားတွေ တော်တော်များများ အလုပ်လက်မဲ့ ဖြစ်ခဲ့ကြပါတယ်။ အဲလိုကြုံရချိန်မှာ အခွင့်အရေး အပြည့်အဝမရဘဲ မြန်မာပြည် ပြန်သွားရသူတွေရှိတယ်လို့ စူလတ်ဌာနီခရိုင်မှာ အလုပ်လုပ်ကိုင်နေတဲ့ မနီနီစိုးကလည်း ပြောပါတယ်။
ဒါ့အပြင် လုပ်ခလစာ လျှော့ချတာတွေကြောင့် ရပ်တည်ရေး ခက်ခဲလာပေမယ့် ကူညီမယ့်သူ မရှိဘူးလို့လည်း မနီနီစိုးက ပြောပါတယ်။
“တချို့လူတွေ တအား အခက်အခဲဖြစ်တယ် ကလေးတွေ ကျန်းမာရေးမကောင်းဘူး မိန်းမတွေလည်း အလုပ်မရှိကြဘူးရှင့်၊ အခု လက်ရှိ ထိုင်းအခြေအနေမှာဆို ပိုပြီးတောင် ဆိုးတယ်၊ အရင်နှစ် အရင်နှစ်တွေကထက်စာရင် တအားဆိုးတယ်၊ အလုပ်မရှိတော့ဘူး၊ အရင်တုန်းကဆိုရင် ယောက်ကျားလေးတွေ လှေထွက်ရင် မိန်းခလေးတွေ ငါးတွေခွာကြတယ်၊ အခုဆိုရင် ငါးတွေလည်း မပေးဖမ်းတော့ဘူး၊ အဲလိုဆိုတော့ လှေတစ်စင်းမှာ ၅၀၀ ဆိုရင် အခု ၃၀၀ ပဲရတော့တယ်၊ ပြီးတော့ နားပြစ်လိုက်တဲ့လှေတွေလည်း နားပစ်လိုက်တယ်။”
ထိုင်းအလုပ်သမားဝန်ကြီးဌာနရဲ့ ၂၀၁၉ သြဂုတ်လက ထုတ်ပြန်ထားတဲ့စာရင်းအရ ထိုင်းနိုင်ငံမှာ တရားဝင် မှတ်ပုံတင်ထားတဲ့ မြန်မာအလုပ်သမား တစ်သန်း နှစ်သိန်းနီးပါးရှိတာပါ။ တရားမဝင် မြန်မာအလုပ်သမား အရေအတွက်ပါ ပေါင်းမယ်ဆိုရင် သုံးသန်းကျော်ရှိမယ်လို့ အလုပ်သမားအရေး ဆောင်ရွက်သူတွေက ခန့်မှန်းထားကြပါတယ်။ ဒီအထဲမှာ အမျိုးသမီးအလုပ်သမားအရေအတွက်က ၆၀% လောက်ရှိတယ်လို့ MAP ဖောင်ဒေးရှင်းက ပြောပါတယ်။ သူတို့အများစုဟာ ထိုင်းနိုင်ငံသားတွေ မလုပ်ချင်ကြတဲ့ ညစ်ပတ်တဲ့၊ ခက်ခဲတဲ့၊ အန္တရာယ်များတဲ့ လုပ်ငန်းခွင်တွေမှာ လုပ်ကိုင်ကြရတာဖြစ်ပါတယ်ာ။