ထိုင်းမှာ လိမ်လည်ခံရတဲ့ မြန်မာအလုပ်သမား တစ်ရာခန့် ဆန္ဒပြ

RFA Burmese
2024.11.21
ထိုင်းမှာ လိမ်လည်ခံရတဲ့ မြန်မာအလုပ်သမား တစ်ရာခန့် ဆန္ဒပြ ထိုင်းနိုင်ငံ၊ ဆမွတ်ဆာခွန်မြို့ Index Interfurn ကုမ္ပဏီရှေ့တွင် မြန်မာအလုပ်သမားတချို့ကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၂၀ ရက်နေ့က တွေ့ရစဥ်။
Thai News

ထိုင်းနိုင်ငံ၊ ဆမွတ်ဆာခွန်ပြည်နယ် ဆမွတ်ဆာခွန်မြို့မှာ အလုပ်ရမယ်ဆိုပြီး လိမ်လည်ခံရတဲ့ မြန်မာအလုပ်သမား တစ်ရာခန့် ဆန္ဒပြခဲ့တယ်လို့ ဘန်ကောက်ပို့စ်က နိုဝင်ဘာ ၂၂ ရက် ဒီနေ့မှာ ဖော်ပြပါတယ်။

ဆန္ဒပြပွဲဟာ နိုဝင်ဘာ ၂၀ ရက်နေ့ ညက ဆမွတ်ဆာခွန်မြို့မှာရှိတဲ့ Index Interfurn ကုမ္ပဏီရှေ့မှာ ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

အဲဒီကုမ္ပဏီရှေ့မှာ မြန်မာအလုပ်သမားတချို့ အလုပ်လာရောက်စုံစမ်းရာမှာ ကုမ္ပဏီလုံခြုံရေးတစ်ဦးက အမျိုးသမီး ပွဲစားနှစ်ဦးနဲ့ မြန်မာအလုပ်သမားတွေကို တွေ့ဆုံပေးခဲ့တာ ဖြစ်ပါတယ်။

ပွဲစားနှစ်ဦးက အလုပ်ရမယ်ဆိုပြီး တစ်ဦးကို ထိုင်းဘတ် သုံးထောင်က ခုနစ်ထောင်ကြား မြန်မာအလုပ်သမားတွေဆီက တောင်းယူခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာအလုပ်သမားတွေထဲက တချို့က သူတို့ရဲ့မိတ်ဆွေတွေကိုပါ အလုပ်ရမဲ့အကြောင်း ဆက်သွယ်ချိတ်ဆက်ပေးခဲ့တာကြောင့် မြန်မာအလုပ်သမား တစ်ရာနီးပါး လိမ်လည်ခံခဲ့ရတာ ဖြစ်ပါတယ်။

လိမ်လည်သွားတဲ့ ပွဲစားနှစ်ဦးက နိုဝင်ဘာ ၂၀ ရက်နေ့မှာ အလုပ်စဆင်းဖို့ ပြောဆိုခဲ့တာကြောင့် အဲဒီနေ့မှာ ကုမ္ပဏီရှေ့ မြန်မာအလုပ်သမားတွေ ရောက်လာပြီး ကုမ္ပဏီထဲ ဝင်ရောက်ခွင့်မရတာကနေ ဆန္ဒပြမှုဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

အဲဒီ ကုမ္ပဏီမန်နေဂျာဟာ မြန်မာအလုပ်သမားတွေကို ထွက်တွေ့ခဲ့ပြီး ကုမ္ပဏီက အလုပ်မခေါ်ထားတဲ့အကြောင်းနဲ့ ပွဲစားနှစ်ဦးဟာ ကုမ္ပဏီက ဝန်ထမ်းတွေ မဟုတ်တဲ့အကြောင်း ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

ထိုင်း ရဲအာဏာပိုင်တွေဟာ ဒီကိစ္စကို ဆက်လက်စုံစမ်းနေပြီး တရားခံတွေကို လိမ်လည်မှုနဲ့ အရေးယူသွားဖို့ ရှိတယ်လို့ ဘန်ကောက်ပို့စ်က ဖော်ပြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။