ထောင်ချီတဲ့ မလေးရှားရောက် မြန်မာအလုပ်သမားတွေ နေရပ်ပြန်ဖို့ ကြိုးစားနေရဆဲ
2020.06.29
မလေးရှားနိုင်ငံကို တရားမဝင် သွားရောက်ခဲ့ကြတဲ့ မြန်မာနိုင်ငံသား အလုပ်သမား ထောင်ပေါင်းများစွာဟာ ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် အလုပ်လက်မဲ့တွေဖြစ်နေကြပြီး ဆက်လက်နေထိုင်ဖို့ အခက်ကြုံနေရတဲ့အတွက် မြန်မာနိုင်ငံပြန်ဖို့ ကြိုးစားနေကြပါတယ်။ မနေ့က အထိ ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးကို မြန်မာပြည်ပြန်ခွင့်အတွက် လျှောက်ထားသူဦးရေ ၂ဝဝဝ နီးပါးရှိပြီလို့ ဆိုပါတယ်။
မြန်မာနိုင်ငံ ပြန်လိုတဲ့ မလေးရှားနိုင်ငံရောက် တရားမဝင် မြန်မာအလုပ်သမားတွေကို ကွာလာလမ်ပူမှာရှိတဲ့ မြန်မာ သံရုံးက ကိုယ်ရေးကိုယ်တာ အချက်အလက်တွေပါဝင်တဲ့ ပုံစံစာရွက်တခု ဖြည့်စွက်ပြီး ပို့ပေးကြဖို့ ညွှန်ကြားထားပါတယ်။ ပီနန်မြို့ရောက် ကိုရဲမင်းထက်ကတော့ သံရုံးကို ပုံစံပို့လိုက်ပြီးနောက် သူ မြန်မာပြည် မကြာခင်ပြန်ရတော့မယ်လို့ မျှော်လင့်နေပါတယ်။
“ကျနော် မနေ့က ၂၉ ရက်နေ့က သံရုံးထုတ်ပြန်ချက်အတိုင်း အဲဒီစာရွက်ကို မိတ္တူသွားကူးတယ် မြန်မာဆိုင်မှာ၊ အဲဒီမှာပါတဲ့အတိုင်း ကိုယ်ရေးအချက်အလက်တွေဖြည့်တယ်၊ ပြီးတော့ လက်ဗွေနှိပ်တယ် ဓာတ်ပုံကပ် လက်မှတ်ထိုးပြီးတော့ အဲဒီလျှောက်လွှာကို ဓာတ်ပုံရိုက်ပြီး အီးမေးလ်နဲ့ သံရုံးကို ပြန်ပို့လိုက်တယ်။ ကျနော့်ဆီ ပြန်စာကို စောင့်နေတယ်။ ကျနော်တို့က over stay သမားတွေ ဖြစ်တယ်။ အလုပ်လဲမရှိ ပိုက်ဆံလဲမရှိတော့ သူငယ်ချင်းအိမ်မှာ ခိုကပ်နေရတာ။ ဖြစ်နိုင်ရင် အမြန်ဆုံးပြန်ချင်ပါတယ် ”
မလေးရှားကို ရောက်ရှိနေတဲ့ မြန်မာတွေထဲမှာ တချို့က သွားလာဆက်သွယ်ရေး ခက်ခဲတဲ့ ဒေသတွေကို နေထိုင်ကြတာဖြစ်ပြီး သံရုံးကို ပုံစံစာရွက်ပို့ဖို့ မလွယ်ကူသူတွေလည်း ရှိပါတယ်။ မလေးရှားကို ရောက်ရှိနေတာ ၃ လရှိပေမယ့် သူဘယ်ဒေသမှာ ရောက်ရှိနေတယ်ဆိုတာကို သေသေချာချာ မသိသူတယောက်ကတော့ ကိုအောင်အောင် ဆိုသူပါ။ သူ့အတွက်ကတော့ သံရုံးကို ပုံစံစာရွက်ပို့ရတဲ့ အလုပ်ဟာ အင်မတန်ခက်ခဲပါတယ်။ မလေးရှား ရဲကဖမ်းပြီး ငွေညှစ်တာနဲ့ ကြုံခဲ့ရသေးတယ်လို့ RFA ကို ပြောပါတယ်။
“ အဲဒီပုံစံထုတ်တဲ့ link က မလေးရှားဆိုင်တွေမှာ မရဘူး။ မြန်မာဖောင့်ရှိတဲ့ မြန်မာဆိုင်မှာပဲ ရတယ်။ ကျနော်သွားတဲ့ဆိုင်က ပိတ်ထားတယ်။ အလုပ်သမားတယောက်ကို ကျနော်က ညီလေးအကို့ကို ဒါလေးလုပ်ပေးပါဆိုတော့ သူ့သူဌေးက လုပ်မပေးရဘူးပြောတယ်။ ညီလေးရယ် အကိုအခက်အခဲဖြစ်လို့ပါ။ အကို ဒီမှာ အစာအိမ်လဲဖြစ်နေတယ် မြန်မာပြည် ပြန်ချင်လွန်းအားကြီးလို့ပါလို့ သူ့ကို မနည်းတောင်းပန်တော့ သူက သနားလို့ ဆိုပြီး လုပ်ပေးတယ်။ အဲဒီ link ထုတ်ပြီးတော့လဲ လျှောက်လွှာဖြည့် လက်ဗွေနှိပ် မပြည့်စုံသေးဘူး။ ဓာတ်ပုံပါကပ်ရမယ်တဲ့။ မြန်မာတွေကလဲ ဓာတ်ပုံဘယ်မှာရိုက်ရမလဲမသိဘူး အဲဒါ စမ်းတဝါးဝါးနဲ့ သွားရင်းသွားရင်းနဲ့ လမ်းမှာ ပုလိပ်နဲ့ တိုးပါရော။ ကျနော့်မှာ ငွေ ၆ဝဝ ပါတဲ အထဲက ၅ဝဝ ပေးလိုက်ရတယ်။ ကံကောင်းလို့ အဖမ်းမခံရတာ၊ တောကြိုအုံကြားမှာ ဒီပုံစံ စာရွက်ရဖို့က မလွယ်ဘူး။ လက်ရှိအခက်အခဲကတော့ ကျနော်တို့ ဘယ်မှမထွက်ရဲဘူး ”
ကွာလာလမ်ပူမြို့မှာ နေထိုင်တဲ့ ကိုကျော်ကျော်ကတော့ သံရုံးကို မနေ့က ကိုယ်တိုင်သွားရောက်ခဲ့သူပါ။ သူကတော့ အလွယ်တကူ အိမ်ပြန်နိုင်ခွင့်ရပါ့မလားလို့ စိုးရိမ်နေပါတယ်။
“ကျနော်တို့ ဒီနေ့သံရုံးသွားတယ်။ သံရုံးကို ပုံစံဖြည့်ပြီး လျှောက်ထားသူ အခုချိန်ထိ ၁၈ဝဝ ကျော်ရှိတယ်။ သံရုံးတာဝန်ရှိတဲ့သူက သူတို့အနေနဲ့ မလေးရှားအစိုးရဘက်က တရားဝင်ခွင့်ပြုချက်တော့ မရသေးဘူး။ ဒါပေမဲ့ ခွင့်ပြုချက်ရရင် ပြန်ပို့နိုင်အောင် အဆင်သင့် လုပ်ထားတာလို့ပြောတယ်”
မလေးရှားရောက် တရားမဝင် မြန်မာအလုပ်သမား တချို့ကတော့ သူတို့ကို မလေးရှားအာဏာပိုင်တွေအနေနဲ့ ဒဏ်ငွေမဆောင်ခိုင်းပဲ ပြန်လွှတ်မှာ မဟုတ်ပါဘူးလို့ ပြောပါတယ်။ မလေးရှား အစိုးရက သူတို့ အိမ်ပြန်ရေးအတွက် ဘယ်လိုဖြေရှင်းမှာလဲဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။