မြန်မာ-ယန်စီ ကုမ္ပဏီဝန်ထမ်း နှစ်ယောက် အက်စစ်ရည်ထိ
2019.09.08
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်က ကြေးနီထုတ်လုပ်တဲ့ တရုတ်ကုမ္ပဏီတစ်ခုဖြစ်တဲ့ မြန်မာ-ယန်စီ ကုမ္ပဏီက ဝန်ထမ်းနှစ်ယောက် မနေ့က လုပ်ငန်းခွင်မှာ အက်စစ်ရည်ထိမှန်ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
အက်စစ်ပါတဲ့ ရေပိုက်ဖွင့်ရာမှာ တစ်ယောက်က မျက်လုံးထိခိုက်ခဲ့ပြီး တစ်ယောက်ကတော့ လေးပေအမြင့်ကနေ ပြုတ်ကျလို့ ခြေထောက်ဒဏ်ရာရခဲ့ပါတယ်။
လတ်တလောမှာတော့ သူတို့နှစ်ဦးဟာ မိုင်း ဆေးရုံမှာ တက်ရောက်ဆေးကုသမှုခံယူနေပါတယ်။
ဒဏ်ရာရရှိခဲ့သူနှစ်ယောက် ဆေးကုသမှု ကုန်ကျစရိတ်တွေကို ကုမ္ပဏီဘက်က တာဝန်ယူပေးထားပြီး သူတို့နှစ်ယောက်ကို တစ်လကျော်လောက် အနားယူဖို့ ဆရာဝန်တွေက ပြောတယ်လို့ ခြေထောက်ဒဏ်ရာရခဲ့သူ ဦးဘမော်ရဲ့ မိသားစုဝင်ဖြစ်တဲ့ ကိုဇော်မျိုးထွန်းက RFA ကို ပြောပါတယ်။
သူတို့နှစ်ယောက်ဟာ ဒီကုမ္ပဏီမှာ လုပ်သက်အနည်းဆုံး ၂ နှစ်အထက် ရှိသူတွေဖြစ်ပါတယ်။ အခုလို ထိခိုက်မှုဖြစ်ပေါ်တဲ့အခါမျိုးတွေမှာ ကုမ္ပဏီဘက်က စုံစမ်းစစ်ဆေးတာတွေရှိပြီး အလုပ်သမား မှားယွင်းမှုဆိုရင် လုပ်သက်လျှော့တာ၊ လစာလျှော့တာတွေ လုပ်လေ့ရှိတယ်လို့လည်း ကိုဇော်မျိုးထွန်းက ပြောပါတယ်။
ဒါနဲ့ပတ်သက်လို့ မြန်မာ-ယန်စီကုမ္ပဏီက အထွေထွေမန်နေဂျာဖြစ်တဲ့ ဦးအုန်းလွင်မြင့် ကို RFA က ဆက်သွယ်မေးမြန်းရာမှာ ဒီထိခိုက်မှုကို စုံစမ်းစစ်ဆေးရဦးမှာဖြစ်တဲ့အတွက် လတ်တလော အသေးစိတ် ရှင်းပြလို့မရသေးဘူးလို့ ပြောပါတယ်။
ဒီကုမ္ပဏီဟာ စံပယ်တောင်နဲ့ ကြေးစင်တောင်တို့မှာ လက်ရှိကြေးနီတူးဖော်ရေးလုပ်ငန်း အကြီးအကျယ်လုပ်ကိုင်နေပြီး ဆားလင်းကြီး၊ ယင်းမာပင်၊ ကနီမြို့နယ်တွေမှာလည်း ထပ်မံတူးဖော်နိုင်ရေး ဆန်းစစ်လေ့လာတာတွေ လုပ်ခွင့်ပြုဖို့ အစိုးရထံ တင်ပြထားပါတယ်။
သတ္တုတူးဖော်မှုကို အကြီးအကျယ်လုပ်ကိုင်တာကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးစေရုံသာမက နေရပ်စွန့်ခွာရတဲ့ ဒေသခံအများအပြား နစ်နာကြတဲ့အတွက် ကုမ္ပဏီရဲ့ စီမံကိန်းနဲ့ ပတ်သက်တဲ့သတင်းတွေ ပြီးခဲ့တဲ့ နှစ်တွေအတွင်း မကြာခဏဆိုသလို သတင်းတွေမှာ ဖော်ပြခံခဲ့ရပါတယ်။
ဒီကုမ္ပဏီမှာ လက်ရှိ မြန်မာအလုပ်သမား ၂၀၀၀ ကျော် လုပ်ကိုင်နေပါတယ်။ ဒီကုမ္ပဏီဟာ အငြင်းပွားမှုတွေ ရှိနေဆဲဖြစ်တဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အကောင်အထည်ဖော်နေတဲ့ တရုတ်နိုင်ငံ ဘေဂျင်းအခြေစိုက် ဝမ်ပေါင်ကုမ္ပဏီရဲ့ လုပ်ငန်းခွဲတစ်ခု ဖြစ်ပါတယ်။
(RFA သတင်းထောက် မခေမဏီဝင်း ပေးပို့သည်)