မြစ်ဆုံစာချုပ် တစ်လအတွင်း ထုတ်ပြန်ပေးဖို့ တောင်းဆို
2019.05.28

မြစ်ဆုံစီမံကိန်းစာချုပ်ကို တစ်လအတွင်း ပြည်သူတွေကို ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ပေးဖို့နဲ့ တရားဝင်မိတ္တူ ကူးယူခွင့်ပြုဖို့ မြစ်ဆုံစီမံကိန်း အပြီးတိုင်ဖျက်သိမ်းရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်က တောင်းဆိုလိုက်ပါတယ်။
ဒီကနေ့ ရန်ကုန်မြို့ Orchid Hotel မှာပြုလုပ်တဲ့ မြစ်ဆုံစီမံကိန်းအပြီးတိုင်ဖျက်သိမ်းရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်ရဲ့ ရှေ့ဆက်လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကြေညာချက်ထုတ်ပြန်ပြီး တောင်းဆို လိုက်တာပါ။
မြစ်ဆုံစီမံကိန်းကို တပ်မတော်အစိုးရလက်ထက်က ချုပ်ဆိုခဲ့တာဖြစ်ပြီး ဦးသိန်းစိန်အစိုးရလက်ထက်မှာတော့ သူ့အစိုးရသက်တမ်းအတွင်း စီမံကိန်းကို ရပ်ဆိုင်းခဲ့တာဖြစ်ပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က NLD ပါတီအစိုးရဖွဲ့နိုင်ရင် ပထမဆုံးအနေနဲ့ မြစ်ဆုံစာချုပ်ကို ပြည်သူတွေထံချပြမယ်လို့ ပြောဆိုခဲ့ပေမယ့် လက်ရှိ အစိုးရသက်တမ်း ၃ နှစ်ကျော်လာတဲ့ အချိန်အထိ ပြည်သူကိုချပြတာမရှိသေးပါဘူး။
မြစ်ဆုံစီမံကိန်း အပြီးတိုင်ဖျက်သိမ်းရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်ကို ၂၀၁၉ ခုနှစ် မေလ ၂ ရက်နေ့က စတင်ပြီး သဘာဝပတ်ဝန်းကျင်ဆိုင်ရာပညာရှင်တွေ၊ အရပ်ဘက်အဖွဲ့အစည်းအသီးသီးက အဖွဲ့ဝင်တွေနဲ့ တက်ကြွ လှုပ်ရှားသူတွေ စုစုပေါင်း ၁၀၀ နီးပါးနဲ့ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။
ကွန်ရက်ရဲ့ အကြံပေးအဖွဲ့ထဲမှာ ဒေါ်ဒေဝီသန့်ဇင်၊ စာရေးဆရာမ ဂျူး၊ ဒေါက်တာ ညိုညိုသင်း၊ ဒေါက်တာ မြင့်ဇော်၊ ဆရာ ကိုတာ၊ ဦးထွန်းလွင်၊ ပေါင်းကူး- ဦးကျော်သူ၊ ဦးခွန်ထွန်းဦး တို့ ပါဝင်တယ်လို့ သိရပါတယ်။
မြစ်ဆုံစီမံကိန်းကို တစ်နိုင်ငံလုံးက အပြင်းအထန်ကန့်ကွက်နေတဲ့ကြားက ဆက်လက်ပြုလုပ်ခဲ့ရင် လက်ရှိပြည် သူတွေတောင့်တနေတဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ ရင်ကြားစေ့ရေး၊ တန်းတူညီတူဖြစ်ရေး၊ ငြိမ်းချမ်းရေးနဲ့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးတွေကို ထိပ်တိုက်တွေ့မှာဖြစ်လို့ စီမံကိန်းကို လုံးဝဖျက်သိမ်းဖို့လည်း တောင်းဆိုထားပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုသန့်ဇင်ဦး ပေးပို့တာပါ။