မြစ်ဆုံမှာ လူ ငါးရာနီးပါး ဆန္ဒပြ


2014.03.14
myitsone-protest-305.jpg ဧရာဝတီမြစ်ကမ်းဘေး မြစ်ဆုံဒေသမှာ နိုင်ငံတကာ မြစ်ချောင်း များနေ့ အခမ်းအနားကျင်းပစဉ်
photo: Kyaw Myo Min

မြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်း အပြီးတိုင်ဖျက်သိမ်းဖို့ သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းရေးလှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေနဲ့ ဒေသခံ ၅၀၀ နီးပါး မြစ်ဆုံစီမံကိန်း တည်ဆောက်မယ့်နေရာမှာ ဒီနေ့မနက်က စုပေါင်းဆန္ဒပြခဲ့ကြပါတယ်။

မြစ်ဆုံစီမံကိန်းဖျက်သိမ်းဖို့ တောင်းဆိုဆန္ဒပြရတာနဲ့ ပတ်သက်လို့ ဆန္ဒပြရာမှာပါဝင်တဲ့ ကိုထွယ်အောင်က အခုလို ပြောပါတယ်။

"မြစ်ဆုံစီမံကိန်း လုံးဝရပ်ဆိုင်းဖို့အတွက်ပါပဲ၊ CPI ကုမ္ပဏီကိုလည်း ဒီကနေ လုံးဝထွက်သွားဖို့ ဆန္ဒရှိတာပေါ့၊ မြန်မာနိုင်ငံအနှံ့က သဘာဝ ပတ်ဝန်းကျင်နဲ့ဆိုင်တဲ့ NGO အဖွဲ့အစည်းတွေ နဲ့ ဒေသခံပြည်သူလူထုတွေ ပေါင်းပြီးတော့ လုပ်ကြတာပေါ့"

မြစ်ဆုံစီမံကိန်းကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်နိုင်မှုတွေကိုလည်း ဆန္ဒပြပွဲမှာ တက်ရောက်လာသူတွေ ကို ဟောပြောခဲ့ပါတယ်။

ဆန္ဒပြသူတွေဟာ မြစ်ဆုံစီမံကိန်းနေရာအပြင် အောင်မြင်သာကျေးရွာနဲ့ မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်မှာ ဖွင့်လှစ်ထားတဲ့ CPI ကုမ္ပဏီရုံးရှေ့တွေကိုလည်း သွားရောက်ပြီး CPI ကုမ္ပဏီ အလိုမရှိကြောင်း၊ CPI ကုမ္ပဏီထွက်သွားဖို့နဲ့ မြစ်ဆုံစီမံကိန်း လုံးဝဖျက်သိမ်းရေးစတဲ့ ကြွေးကျော်သံတွေကိုလည်း အော်ဟစ်ဆန္ဒပြခဲ့ကြပါတယ်။

ဒီအတောအတွင်း ထိုင်းနိုင်ငံ ချင်းမိုင်မြို့အခြေစိုက် မြန်မာမြစ်ချောင်းများကွန်ရက် BRN အဖွဲ့က သံလွင်ရေကာတာ စီမံကိန်းတွေရပ်တန့်ပေးဖို့ နိုင်ငံရေးပါတီတွေနဲ့ လူမှုအဖွဲ့အစည်း ၁၃၀ ကျော်နဲ့ တိုင်းရင်းသားသုံးသောင်းကျော် လက်မှတ်ထိုးပြီး ဒီကနေ့ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ မြစ်ချောင်း ထိန်းသိမ်းရေးနှင့် ရေကာတာဆောက်လုပ်မှု ဆန့်ကျင်ရေးနေ့မှာ ကြေငြာချက် ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။

မြန်မာအစိုးရက တရုတ်၊ ထိုင်းနိုင်ငံတို့နဲ့ ရင်းနှီးမြုပ်နှံပြီး သံလွင်မြစ်ပေါ်မှာ ရေကာတာတွေ တည်ဆောက်သွားမယ့် ရှမ်းပြည်နယ်ထဲက ကွမ်းလုံ၊ နောင်ဖါနဲ့ တာဆန်း ရေကာတာ၊ ကရင်နီပြည်နယ်ထဲက ရွာသစ်နဲ့ ကရင်ပြည်နယ်ထဲက ဟတ်ကြီးရေကာတာတွေဟာ သံလွင်မြစ်ပေါ်မှာမှီခိုနေကြတဲ့ သန်းပေါင်းများစွာသော လူသတ္တဝါတွေရဲ့ အနာဂတ်ကို ခြိမ်းခြောက်နေတဲ့အတွက် အခုလို တောင်းဆိုလိုက် တာ ဖြစ်တယ်လို့လည်း  ရှမ်းသဘာဝပတ်ဝန်းကျင်အဖွဲ့က တာဝန်ခံ စိုင်းခေးဆိုင်က ပြောပါတယ်။

ဒီရေကာတာ ၆ ခုကနေရရှိမယ့် လျှပ်စစ်ဓါတ်အား ၁၅၀၀၀ မီဂါဝပ်ဟာလည်း မြန်မာနိုင်ငံအတွက် အကျိုးရှိမှာမဟုတ်ဘဲ တရုတ်နဲ့ ထိုင်းနိုင်ငံတို့အတွက်သာ အကျိုးခံစားခွင့်ရမှာဖြစ်ပြီး လက်ရှိ ရေကာတာတည်ဆောက်မှုမှာလည်း နိုင်ငံတကာ စံချိန်စံနှုန်းတွေနဲ့အညီ ပွင့်လင်းမြင်သာမှုမရှိဘဲ  စီမံကိန်းအကျိုးသက်ရောက်မှုကို ခံစားရမယ့် ဒေသခံပြည်သူတွေရဲ့ အခွင့်အရေးကို လေးစားလိုက်နာ ကျင့်သုံးတာတွေမရှိဘူးလို့လည်း ထုတ်ပြန်ချက်မှာ ထောက်ပြပြောဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။