သပိတ်စခန်း ဖယ်ရှားမှာမဟုတ်


2017.08.03
myochit-camp-ygn-622.jpg ရန်ကုန်မြို့ ကြေးသွန်း ဘုရားရှေ့မှာ အမျိုးသားရေးသမားတွေ သြဂုတ်လ ၂ ရက်နေ့က သပိတ်စခန်းဖွင့်တာကို တွေ့ရစဉ်
Photo: Kyaw Zaw Win/RFA

မန္တလေးမြို့က အစိုးရဆန့်ကျင်ရေးသပိတ်စခန်းကို ချမ်းမြသာစည်မြို့နယ် သံဃနာယကအဖွဲ့က နေ ရာပြောင်းရွှေ့ပေးဖို့ ညွှန်ကြားစာပေးပို့ခဲ့ပေမယ့် လက်ရှိနေရာမှာ ဆက်လက်နေသွားမှာဖြစ်ပြီး ဖယ်ရှားပေးသွားမှာ မဟုတ်ဘူးလို့ သပိတ်ခေါင်းဆောင်တွေက ဒီကနေ့ ပြောပါတယ်။

ဘုရားဝတ္တကနယ်မြေအတွင်း သပိတ်စခန်းဖွင့်လှစ်ထားတာနဲ့ပတ်သက်ပြီး ချမ်းမြသာစည်မြို့နယ် သံဃနာယကအဖွဲ့က သပိတ်စခန်းကိုနေရာပြောင်းရွှေ့ပေးဖို့ ဒီကနေ့ အကြောင်းကြားစာ ပေးပို့ခဲ့တာပါ။

သံဃာတွေနဲ့ လူပုဂ္ဂိုလ်တွေရဲ့ သပိတ်စခန်းကို ပြောင်းရွှေ့ပေးသွားမှာ မဟုတ်ဘူးလို့ သပိတ်စခန်းတာဝန်ရှိသူ တစ်ဦးဖြစ်တဲ့ ဦးမြင့်ဦးက ပြောပါတယ်။

ဒါအပြင် မြို့နယ်အာဏာပိုင်တွေကလည်း ငြိမ်းစုစီဥပဒေအတိုင်း လိုက်နာဆောင်ရွက်ဖို့ သပိတ်ဦးဆောင် ဆရာတော်တွေကို လျှောက်ထားခဲ့ပါတယ်။

သံဃာအပါး ၂ဝ နဲ့ လူပုဂ္ဂိုလ်အချို့ပါဝင်တဲ့ အစိုးရဆန့်ကျင်ရေး သပိတ်စခန်းကို မန္တလေးမြို့ ၈၄ လမ်းက သာသနာ ၂၅ဝဝ ဗိမာန်တော်ဝင်းအတွင်းမှာ မနေ့က စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။

သပိတ်မှောက်သူတွေဟာ လက်ရှိအစိုးရ နုတ်ထွက်ပေးရေး တောင်းဆိုနေသူတွေက အာဏာရှင် အစိုးရ နုတ် ထွက်ပေး၊ ဗုဒ္ဓဘာသာကို ဖျက်ဆီးတဲ့အစိုးရ ဖြုတ်ချရေး၊ တိုင်းပြည်အကျိုးစီးပွား ဖျက်ဆီးနေတဲ့ အစိုးရဖြုတ်ချရေး၊ အမျိုးသားလုံခြုံရေးကို အကာအကွယ်မပေးတဲ့ အစိုးရဖြုတ်ချရေး စတာတွေကို တောင်းဆိုနေကြတာဖြစ်ပါတယ်။

အဲဒီတောင်းဆိုချက်တွေ မရမချင်း သပိတ်စခန်းကို ပိတ်သိမ်းသွားမှာ မဟုတ်ဘူးလို့ သပိတ်ဦးဆောင်သူတွေ ရဲ့ ပြောကြားချက်အရ သိရပါတယ်။

မနေ့ကစပြီး ရန်ကုန်နဲ့ မန္တလေး မြို့တွေမှာ သံဃာတွေနဲ့ လူပုဂ္ဂိုလ်တွေ ပါဝင်တဲ့ အမျိုးသားရေး အဖွဲ့တွေက အစိုးရကို သပိတ်မှောက်နေတာဖြစ်ပါတယ်။

ရန်ကုန်မြို့မှာတော့ ရွှေတိဂုံဘုရားအနီးက ကြေးသွန်းဘုရားရှေ့မှာ အမျိုးသားရေး တက်ကြွလှုပ်ရှားသူ ၅ဝ ကျော်က သပိတ်စခန်းဖွင့်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။