ကြေးသွန်းဘုရားက သပိတ်စခန်းကို ပိတ်သိမ်း


2017.08.05
myochit-camp-ygn-622.jpg သပိတ်စခန်းကို ယာယီပိတ်သိမ်းဖို့ ဆုံးဖြတ်လိုက်တယ်လို့ ဆရာတော် အရှင်ပညာဝံသက သြဂုတ်လ ၅ ရက်နေ့က မိန့်ကြားစဉ်
Photo: Kaung Htet Kyaw/RFA

ရန်ကုန်မြို့၊ ရွှေတိဂုံဘုရား အရှေ့ဘက်မုခ်က ကြေးသွန်းဘုရားရှေ့က အစိုးရကို ဆန့်ကျင်တဲ့ သံဃာတော်တွေနဲ့ လူပုဂ္ဂိုလ်တချို့ရဲ့ သပိတ်စခန်းကို ယာယီပိတ်သိမ်းလိုက်ပါတယ်။

မနေ့က ရန်ကုန်တိုင်း သံဃာ့မဟာနာယကအဖွဲ့က ဆရာတော်ကြီးတွေနဲ့ သပိတ်ဦးဆောင်သူတွေ တွေ့ဆုံညှိနှိုင်း ပြီး သပိတ်စခန်းကို ယာယီပိတ်သိမ်းဖို့ ဆုံးဖြတ်တာဖြစ်တယ်လို့ ဆရာတော် အရှင်ပညာဝံသက မိန့်ကြားပါတယ်။

"ဦးဇင်းတို့ ဘာလို့ရုပ်သိမ်းလဲဆိုတော့ တိုင်းသံဃာ့နာယက ဆရာတော်ဘုရားတော်ကြီးတွေ ရဲ့ နိုင်ငံတော် သံဃာ့မဟာနာယက ဆရာတော်ဘုရားတော်ကြီးတွေရဲ့ သြဝါဒများကို အထူးပြု လေးစား လိုက်နာပြီး သူတို့ရဲ့မေတ္တာတရားကြီးမားပုံများကို ဦးဇင်းတို့ အထူးအလေးဂရုပြုတယ်၊ သူတို့စေတ နာတွေကို ဦးဇင်းတို့ လေးစားသောအားဖြင့် သပိတ်စခန်းကို ယာယီရုပ်သိမ်းခဲ့တာဖြစ်တယ်၊ ရက် အကန့်အသတ်ကတော့ မရှိသေးဘူးပေါ့နော်၊ ဆရာတော်ဘုရားတွေက ဦးဇင်းတို့ ခုနကတောင်းဆိုခဲ့တဲ့ အချက်တွေကိုလည်း နိုင်ငံတော်သံဃာ့မဟာနာယကထံ ဆရာတော်တွေက တင်ပြပေးမယ်ဆိုတဲ့ ကတိကဝတ်ပြုတဲ့အတွက် ဦးဇင်းတို့ နိုင်ငံတည်ငြိမ်အေးချမ်းသာယာရေးကို ဖြစ်စေချင်တဲ့ အတွက်၊ နိုင်ငံကောင်းစားစေချင်တဲ့အတွက် ဦးဇင်းတို့ ဒါကိုယာယီရပ်ဆိုင်းလိုက်တာပါ"

မနေ့က တွေ့ဆုံရာမှာ သပိတ်ဦးဆောင်သူတွေက သူတို့ရဲ့ တောင်းဆိုချက် ၃ ချက်ကို ရန်ကုန်တိုင်း သံဃာ့ မဟာနာယကအဖွဲ့ဝင် ဆရာတော်တွေကနေတဆင့် အစိုးရအဖွဲ့ကို ပေးပို့ထားတယ်လို့ သိရပါတယ်။

အဲဒီတောင်းဆိုချက်တွေကတော့ သာသနာရေးဝန်ကြီးကို ရာထူးကနေ ဖြုတ်ပေးဖို့၊ ဖမ်းဆီးခံထားရတဲ့ အမျိုးသားရေး တက်ကြွလှုပ်ရှားသူတွေကို အမြန်ဆုံးလွှတ်ပေးဖို့နဲ့ အစိုးရက ရိုဟင်ဂျာမရှိကြောင်း ကြေညာပြီး ခိုးဝင်လာသူတွေကို ၁၉၈၂ နိုင်ငံသားဥပဒေအရ အရေးယူဆောင်ရွက်ဖို့တို့ ဖြစ်ပါတယ်။

အစိုးရအနေနဲ့ အဲဒီ တောင်းဆိုချက် ၃ ချက်ကို တွေ့ဆုံညှိနှိုင်းပြီး လိုက်လျောဆောင်ရွက်မှုမရှိရင် တစ်နိုင်ငံလုံးမှာ သပိတ်မှောက်သွားမယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ သပိတ်ဖြစ်မြောက်ရေးကော်မတီရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒီကနေ့ သပိတ်စခန်းကို ပိတ်သိမ်းရာမှာ သပိတ်မှောက်သူတချို့နဲ့ အနီးပတ်ဝန်းကျင်မှာ နေထိုင်သူတချို့အကြား အပြန်အလှန် ဆဲဆိုမှုတွေ ဖြစ်ခဲ့ပါတယ်။

ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ အစိုးရကို သပိတ်မှောက်တဲ့ သံဃာနဲ့ လူပုဂ္ဂိုလ်တချို့ပါဝင်တဲ့ သပိတ်စခန်းတွေကို သြဂုတ်လ ၂ ရက်နေ့ကစတင်ပြီး တပြိုင်တည်း ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။

မန္တလေးမြို့က သပိတ်စခန်းကိုတော့ ဒီကနေ့ မနက် ၂ နာရီကျော်မှာ တိုင်းအစိုးရက ဖယ်ရှားလိုက်ပြီး ဦးဆောင် သံဃာ  ၆ ပါးကို အမှုဖွင့် အရေးယူလိုက်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။