အောက်တိုဘာမှာ အပစ်ရပ်စာချုပ်လက်မှတ်ထိုးဖို့ မသေချာသေးကြောင်း ဦးနိုင်ဟံသာပြော
2015.09.26

တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) စာချုပ်ကို တိုင်းရင်းသားတွေဘက်က လာမယ့် အောက်တိုဘာလမှာ လက်မှတ်ထိုး၊ မထိုးကို ယတိပြတ်အဖြေမပေးနိုင်သေးဘူးလို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ဖွဲ့စည်းထားတဲ့ အဆင့်မြင့်ညှိနှိုင်းရေး SD အဖွဲ့ဝင် ဦးနိုင်ဟံသာက ပြောပါတယ်။
ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီဘက်က NCA စာချုပ်ကို အောက်တိုဘာလလယ်မှာ အပြီးသတ် လက်မှတ်ရေးထိုးနိုင်မှာ ဖြစ်တယ်လို့ပြောထားပေမယ့် တိုင်းရင်းသားတွေဘက်က အဖွဲ့တွေ အားလုံးပါဝင်ရေးကို ဆွေးနွေးရဦးမယ်လို့ ဦးနိုင်ဟံသာက ပြောပါတယ်။
"အတိအကျတော့ ကျနော်တို့ အဖြေမပေးနိုင်သေးဘူးပေါ့နော်၊ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ရဲ့ ရပ်တည် ချက်က အားလုံးပါဝင်ရေး၊ အားလုံးထဲမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၂၁ ဖွဲ့စလုံး မစုံသေးတော့ဗျာ ၂၁ ဖွဲ့စလုံးပါနိုင်ရင်တော့ ကောင်းတာပေါ့လေ၊ တကယ်လို့ အဲ့ဒါအားလုံးမပါနိုင်သေးရင်တောင် ကျနော်တို့ NCCT နဲ့ SD မှာပါဝင်တဲ့ ၁၇ ဖွဲ့စလုံး ပါဝင်လက်မှတ်ရေးထိုးရေးကို ကျနော်တို့က အဓိကထားတောင်းဆိုတယ်"
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် NCA မှာ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေ အားလုံးပါဝင်ဖို့ တိုင်းရင်းသား ထိပ်သီးအစည်းအဝေးတစ်ရပ်ကိုလည်း ထိုင်နိုင်ငံ ချင်းမိုင်မြို့မှာ လာမယ့် စက်တင်ဘာလ ၂၈ ရက် ကနေ ၃ဝ ရက်နေ့အထိ ကျင်းပသွားမယ်လို့ သိရပါတယ်။
နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (၁၅) ဖွဲ့ကို NCA စာချုပ်မှာ လက်မှတ်ထိုးဖို့ ကမ်းလှမ်းထားပေးမယ့် တိုင်းရင်းသားတွေဘက်က NCCT ထဲက အဖွဲ့ ၁၇ ဖွဲ့စလုံးပါမှသာ လက်မှတ်ရေးထိုးနိုင် မယ်လို့ တောင်းဆိုထားပါတယ်။
အဲ့ဒီ ၁၇ ဖွဲ့ထဲက ရခိုင်တပ်မတော် AA ၊ တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA ၊ မြန်မာတိုင်းရင်းသားများ ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် MNDAA တို့ကိုတော့ အစိုးရက ဒီတစ်ကြိမ်လက်မှတ်ရေးထိုးရာမှာ ထည့်သွင်းထားခြင်း မရှိသေးပါဘူး။
ဦးနိုင်ဟံသာကို RFA သတင်းထောက် ကိုဘုန်းမြတ် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။